ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်းဟာ ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြသစ် အတွက် လျာထားတဲ့ လူစာရင်းထဲမှာ ပါဝင်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ မန်ယူအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ရလဒ်ပိုင်း တည်ငြိမ်မှု အားအနည်းဆုံး ပရီးမီးယားလိဂ် အသင်းကြီး အဖြစ် သတ်မှတ် ခံထားရသလို အမှတ်ပေးပွဲ ၆ပွဲ ကစားထားရာမှာ ၂ပွဲနိုင် ၁ပွဲသရေ ၃ပွဲရှုံး ရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာ အထိ ရောက်ရှိ နေခဲ့ပြီး ယနေ့ည ၇နာရီ အချိန်မှာ ကစားရမယ့် အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာသာ အရေးနိမ့်ခဲ့ပါက နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ် ဟာ ပိုမို လှုပ်ခတ်လာဖွယ် ရှိပါတယ်။

Photo Credit: ESPN

မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကတော့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မတိုင်မီမှာ သူ့ရဲ့ အနာဂတ် အတွက် စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ဆိုထားပေမယ့် မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားရဲ့ နေရာကို အစားဝင်မယ့် နည်းပြသစ် တစ်ဦးကို စတင် ရှာဖွေ နေပြီ ဖြစ်ကြောင်း သိရပါတယ်။ လတ်တလောမှာ ထွက်ပေါ်ထားတဲ့ သတင်းတွေ အရတော့ စပါးအသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ပိုချက်တီနိုဟာ ဆိုးလ်ရှားရဲ့ နေရာကို အစားဝင်မယ့် နည်းပြ အဖြစ် ရေပန်းစားနေပေမယ့် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြမှု အရ မန်ယူအသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်းကိုပါ ခေါ်ယူဖို့ စောင့်ကြည့် နေကြောင်း သိရပါတယ်။

Photo Credit: ESPN

နစ်ဂယ်စမန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အသင်းကို အသင်းရဲ့ သမိုင်းကြောင်း တစ်လျှောက် ပထမဦးဆုံး အကြိမ်အဖြစ် ဆီမီးဖိုင်နယ် အဆင့်အထိ ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သလို လက်ရှိရာသီမှာလည်း အသင်းကို ဘွန်ဒက်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၃နေရာ အထိ ရောက်ရှိအောင် စွမ်းဆောင် ပေးထားသူပါ။ လက်ရှိ ဘောလုံးရာသီမှာ ဆိုးလ်ရှားရဲ့ မန်ယူအသင်းနဲ့ နစ်ဂယ်စမန်းရဲ့ လိုက်ပ်ဇစ်အသင်းတို့ တွေ့ဆုံထားရာမှာ မန်ယူအသင်းက ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိ ထားပေမယ့် လိုက်ပ်ဇစ်အသင်းရဲ့ လူအင်အားနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်အထိ ပို့ဆောင် ပေးနိုင်ခဲ့တဲ့ နစ်ဂယ်စမန်းရဲ့ စွမ်းဆောင်ရည်ကို မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့တချို့က သဘောကျနေကြောင်း ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြသွားပါတယ်။