မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းမှာ ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို အသင်းရဲ့ ဦးစားပေးကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး ကမ်းလှမ်းမှုတွေကိုလည်း လုပ်ဆောင်ခဲ့ပေမယ့် ဒေါ့မွန်ဘက်က သူတို့ကစားသမားကို သူတို့သတ်မှတ်ကြေးအတိုင်း ကမ်းလှမ်းမှသာ ရောင်းချသွားမယ်လို့ တု့ံပြန်လာခဲ့ရာမှာ ယူနိုက်တက်ဘက်က ထပ်မံကမ်းလှမ်းလာနိုင်ခြင်းမရှိတော့ပဲ အပြောင်းအရွှေ့ကလည်း အထမမြောက်တော့ပဲ ကောလဟာလအဆင့်လောက်နဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : Premeir League

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်ထိ ဆန်ချိုကို အသင်းရဲ့ပစ်မှတ်အဖြစ် ဆက်လက်သတ်မှတ်ထားနေပေမယ့်လည်း ဒေါ့မွန်ဘက်က သူတို့ရဲ့ကြယ်ပွင့်ကို လွယ်လွယ်ကူကူနဲ့ လက်လွတ်သွားမှာမဟုတ်လို့ ကမ်းလှမ်းဖို့က ခက်ခဲနေဦးမှာဖြစ်လို့ သူ့အစား လက်စတာအသင်းရဲ့ကြယ်ပွင့် ဟာဗေးဘန်းစ်ကိုပဲ ပြောင်းလဲကမ်းလှမ်းလာဖွယ် ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဟာဗေးဘန်းစ်ဟာ ကွင်းလယ်ဘယ်ခြမ်းနဲ့ ကွင်းလယ်တိုက်စစ်ပိုင်းနေရာတွေမှာ ပါဝင်ကစားတတ်သူဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက်လည်း အကောင်းဆုံး စွမ်းဆောင်ထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်ကစားသမား ဟာဗေးဘန်းစ်ဟာ လက်စတာလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး MK ဒွန်းစ် ဘန်စလေနဲ့ ဝက်ဘရွန်းအသင်းတို့မှာ အငှားနဲ့ သွားရောက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဟာဗေးဘန်းစ်ဟာ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာပဲ သူရဲ့လက်စတာ စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့ပြီး လက်ရှိမှာ သူရဲ့လက်စတာကစားသမားဘဝ စတုတ္ထမြောက်ရာသီကို ဖြတ်သန်းလို့နေတာဖြစ်ပါတယ်။ ဟာဗေးဘန်းစ်ဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ လက်စတာအတွက် ပြိုင်ပွဲစုံ(၁၅)ပွဲအထိ ပါဝင်ကစားခဲ့ကာ (၅)ဂိုးသွင်းယူပြီး (၁)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးကို ပြသထားနိုင်ခဲ့တဲ့ ဘန်းစ်ကို ယူနိုက်တက်အသင်းကနေ ခေါ်ယူချင်နေပြီး လက်စတာဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)လောက်နဲ့ ကမ်းလှမ်းလာမှသာ အသင်းကနေ လက်လွတ်သွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် လက်စတာဘက်က ဟာဗေးဘန်းစ်ကို လာမယ့်ဆောင်းစျေးကွက်မှာ လက်လွတ်သွားမှာမဟုတ်ပဲ နွေစျေးကွက်အရောက်မှသာ ရောင်းချသွားဖွယ် ရှိနေတာကြောင့် ဟာဗေးဘန်းစ်အနေနဲ့ ယူနိုက်တက်မှာ သူရဲ့လက်စတာအသင်းဖော်ဟောင်း မက်ဂွိုင်းယားနဲ့ ပြန်လည်လက်တွဲသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။