ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အီတလီ နာမည်ကြီး အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အင်တာမီလန် အသင်းကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားလာကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေနဲ့ နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာ ဖာနန်ဒက် ၊ ပေါ့ဘာ ၊ ဗန်ဒီဘိခ် ၊ ဖရက်ဒ် ၊ တော်မီနေး ၊ မာတာ ၊ မာတစ် စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင် ထားပေမယ့် ပေါ့ဘာဟာ မကြာမီမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်သလို မာတာနဲ့ မာတစ်တို့ဟာလည်း ပွဲချိန်ပြည့် ကစားနိုင်တဲ့ အနေအထားမှာ မရှိတော့တာကြောင့် အသင်းရဲ့ ကစားသမား အင်အားအတွက် အတော်လေး နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရမယ့် အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စား လာခဲ့တာပါ။

Photo Credit: Express

အသက် ၂၈နှစ် အရွယ် ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ပရီးမီးယားလိဂ်ကလပ် စပါးအသင်း ကနေ အင်တာမီလန် အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၂၇သန်းနဲ့ ပြောင်းရွှေ့ သွားခဲ့သူ ဖြစ်ပေမယ့် အင်တာမီလန် အသင်းမှာတော့ ထင်ထားသလို ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိခဲ့သလို အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီနဲ့လည်း ဆက်ဆံ‌ရေး အဆင်မပြေသူ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အင်တာမီလန် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အဲရစ်ဆင်ကို အသင်းကနေ ပြန်လည် ရောင်းထုတ် သွားဖွယ် ရှိကြောင်း အသင်းရဲ့ ဥက္ကဌဖြစ်သူ မာရော့တာက အတည်ပြု ထားပြီး လက်ရှိမှာ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်း အပါအဝင် အာဆင်နယ် အသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို့ကလည်း စိတ်ဝင်စား နေကြပါတယ်။

Photo Credit: Express

ဥရောပ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Express သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေါ့ဘာကို လက်လွှတ် ဆုံးရှုံးရမှာ ဖြစ်တာကြောင့် အသင်းရဲ့ ကွင်းလယ်ပိုင်း အင်အားကို မြှင့်တင်နိုင်ဖို့ အဲရစ်ဆင်ကို ခေါ်ယူရန် ပစ်မှတ်ထား ကြိုးစားသွားမှာ ဖြစ်ပြီး အဲရစ်ဆင်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေကြောင်း သိရပါတယ်။ အဲရစ်ဆင်ဟာ အင်တာမီလန် အသင်းထံ မပြောင်းရွှေ့မီ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးခဲ့ဖူးကြောင်းကို ပြီးခဲ့တဲ့လမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဖွင့်ဟ ပြောဆိုဖူးပြီး သူဟာ အတွေ့အကြုံသစ်တွေ ရရှိလိုတာကြောင့်သာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ငြင်းဆန်ခဲ့တာ ဖြစ်ကြောင်း ဆိုဖူးပါတယ်။ အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အခြားအသင်းတွေ အနက် အာဆင်နယ် အသင်းဟာ အဲရစ်ဆင်ရဲ့ အသင်းဟောင်း စပါးအသင်းနဲ့ ပြင်းထန်တဲ့ ဒါဘီပြိုင်ဘက် ဖြစ်တာကြောင့် အဲရစ်ဆင်ဟာ အာဆင်နယ် အသင်းကို ရွေးချယ်မှာ မဟုတ်ကြောင်းလည်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားပါတယ်။