ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာရဲ့ နေရာ အတွက် အစားထိုးမှု အဖြစ် ပြင်သစ် လီဂူးကလပ် ရန်းနက်စ်အသင်းရဲ့ အသက် ၁၈နှစ် အရွယ် လူငယ် ကွင်းလယ်ကြယ်ပွင့် ကာမာဗင်ဂါကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ပေါ့ဘာဘက်က အသင်းမှာ ဆက်နေဖို့ မရေမရာ ဖြစ်နေတာကြောင့် အကယ်၍ စာချုပ်သစ် မချုပ်ဆိုပါက ပေါ့ဘာကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်သွားမှာပါ။

Photo Credit: Metro

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ကမ်းလှမ်းထားသလို တဖက်မှာလည်း ပေါ့ဘာကို ရောင်းထုတ်ပြီးပါက သူ့ရဲ့နေရာကို အစားဝင်နိုင်မယ့် ကစားသမား တဦးကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပြီး ရန်းနက်စ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ကာမာဗင်ဂါဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ထိပ်သီး ပစ်မှတ်တွေထဲက တဦးပဲ ဖြစ်ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ကာမာဗင်ဂါဟာ ရန်းနက်စ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပြီး ရန်းနက်စ်အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ကာမာဗင်ဂါကတော့ ထိပ်တန်း အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူး နေပါတယ်။

Photo Credit: Metro

ယခင်က ကာမာဗင်ဂါကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်အသင်း အပါအဝင် ဥရောပ ထိပ်သီးအသင်း အတော်များများက မျက်စိကျခဲ့ကြပေမယ့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာတော့ ကာမာဗင်ဂါကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်း တသင်းထဲကပဲ လှုပ်ရှားနေပါတယ်။

ရန်းနက်စ်အသင်း ကတော့ ကာမာဗင်ဂါကသာ အသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခြင်း မရှိရင်တော့ ကာမာဗင်ဂါကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ ဗြိတိန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေသလို ကာမာဗင်ဂါကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်း သိရှိရပါတယ်။