ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ အီတလီစီးရီးအေရဲ့ ထိပ်သီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ တောင်ပံကစားသမား ဒေါက်ဂလပ် ကော်စတာနဲ့ ဘယ်နောက်ခံလူ အဲလက်စ် ဆန်ဒရို နှစ်ဦးတို့ကို တစ်ပြိုင်နက်ထဲ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ နောက်ဆုံး သုံးရာသီ ဆက်တိုက် ဖလားလက်မဲ့ ရာသီတွေကို ဖြတ်ကျော်ခဲ့ရတဲ့ မန်ယူအသင်းဟာ လာမယ့်ရာသီမှာတော့ သူတို့အသင်းနဲ့ ဝေးကွာနေတာ ကြာပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ် ဖလားကို ပြန်လည် ဆွတ်ခူးနိုင်ဖို့ အတွက် ပစ်မှတ်ထားနေပြီး ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် သုံးဦးခန့်ကို ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။

Photo Credit: Express

မန်ယူအသင်းက အင်အားဖြည့်တင်းချင်နေတဲ့ နေရာတွေကတော့ ညာတောင်ပံ ၊ ဘယ်နောက်ခံလူ ၊ ဗဟိုခံစစ် သို့မဟုတ် ကွင်းလယ် ဗဟိုနေရာတွေ ဖြစ်ကြပြီး လက်ရှိမှာတော့ ညာတောင်ပံနဲ့ ဘယ်နောက်ခံလူ နေရာတွေ အတွက် ဂျူဗင်တပ်အသင်းရဲ့ ကစားသမားနှစ်ဦး ဖြစ်တဲ့ ကော်စတာနဲ့ ဆန်ဒရိုတို့ကို မျက်စိကျနေပါတယ်။ အသက် ၂၉နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘရာဇီးလ် တောင်ပံ ကစားသမား ဒေါက်ဂလပ် ကော်စတာ ဟာ မန်ယူအသင်းရဲ့ ကာလရှည် စောင့်ကြည့်မှု ကို ခံထားရတဲ့ ကစားသမား ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာဆိုရင် ဂျူဗင်တပ်အသင်းမှာ ပွဲထွက်ခွင့် များများစားစား မရခဲ့တာကြောင့် နွေစျေးကွက်အတွင်းမှာ အသင်းပြောင်းဖို့ စဉ်းစားနေသူ ဖြစ်ပါတယ်။

 

Photo Credit: Express

နောက်ထပ် ဘယ်နောက်ခံ ကစားသမား တစ်ဦး ဖြစ်တဲ့ အဲလက်စ် ဆန်ဒရိုဟာလည်း အသက် ၂၉နှစ်အရွယ် ရှိနေပြီ ဖြစ်ကာ လက်ရှိ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် စီးရီးအေပွဲစဉ် ၂၉ပွဲအထိ ပါဝင် ကစားပေးထားပေမယ့် လက်ရှိ နွေစျေးကွက်အတွင်းမှာ ဂျူဗင်တပ် အသင်းကနေ ရောင်းချဖို့ အတွက် လျာထားတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေသူပါ။ အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Calcio Mercato သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ယူအသင်းဟာ ကော်စတာနဲ့ ဆန်ဒရို နှစ်ဦးစလုံးကို အသင်းထံ တစ်ပြိုင်နက်ထဲ ခေါ်ယူဖို့ စီစဉ်နေပြီး အဆိုပါ ကစားသမားနှစ်ဦးစလုံး အတွက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ကြေး စုစုပေါင်း ယူရို ၇၂သန်း ဝန်းကျင် ပေးချေရဖွယ် ရှိတယ်လို့ သိရှိရပါတယ်။