မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့ပြီး ယူနိုက်တက်အသင်းကတော့ စပို့တင်းထွက်ကုန် ကစားသမားတွေနဲ့ အကျိုးပေးတယ်လို့ပဲ ပြောရမှာပါ။ ခရစ္စတီယာနိုရော်နယ်ဒိုကနေစပြီး လူးဝစ်နာနီနဲ့ အခု ဘရူနိုဖာနန်ဒက်စ်အထိ စပို့တင်းကနေ ခေါ်ယူခဲ့တဲ့ ကြယ်ပွင့်ကစားသမားတွေက အသင်းအတွက် အတော်လေးကို အကျိုးပြုခဲ့ကြသလို အခုလည်း ကစားသမားဟောင်း နာနီရဲ့ အကြံပေးမှုနဲ့ စပို့တင်းအသင်းရဲ့ ဆယ်ကျော်သက်ကြယ်ပွင့်လေးကို အိုးထရက်ဖိုဒ့်ဆီ ခေါ်ဆောင်သွားဖွယ် ရှိလို့နေပါတယ်။

Photo Credit : Celebrity news and gossips

အသက်(၁၇)နှစ်အရွှယ်သာရှိသေးတဲ့ စပို့တင်းဘယ်နောက်ခံကစားသမားလေး နူနိုမန်ဒက်စ်ဟာ စပို့တင်းလူငယ် အကယ်ဒမီပေါ်ထွက်လာခဲ့တဲ့ အဖိုးတန်ကျောက်ရိုင်းတုံးလေးဖြစ်ပြီး ဘယ်ခြမ်းတလျှောက်မှာ ခြေစွမ်းကောင်းတွေ ပြသထားသူလည်းဖြစ်ပါတယ်။ အလိမ်အခေါက် ပြေးအားတွေ သေသပ်ကောင်းမွန်လှတဲ့ နူနိုမန်ဒက်စ်ဟာ တိုက်စစ်ကို လိုက်ပါရာမှာလည်း ထူးချွန်သူဖြစ်လို့ သူ့ကို သူရဲ့စီနီယာကြီး နာနီက သတိထားမိလာခဲ့ကာ အသင်းဟောင်း ယူနိုက်တက်အသင်းဆီ လှမ်းသတင်းပို့ခဲ့တာကြောင့် ယူနိုက်တက် အခုဆိုရင် ဒီကစားသမားလေးကို ခေါ်ယူဖို့ စတင်လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ်။

Photo Credit : The Sun

တကယ်တော့ ဆယ်ကျော်သက် လူငယ်ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ဆိုတာက ငွေကြေးပိုင်းကို အများကြီးသုံးစွဲရတယ်ဆိုပေမယ့် နူနိုမန်ဒက်စ်ကတော့ စပို့တင်းအသင်းနဲ့ စာချုပ်သက်တမ်းက (၁)နှစ်ပဲ ကျန်ရှိနေတော့သလို ကစားသမားကိုယ်တိုင်ကလည်း သက်တမ်းတိုးစာချုပ်ကို ငြင်းဆန်ထားခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ ပြောင်းရွှေ့ကြေးကို ပေါင်(၁၀)သန်းဝန်းကျင်နဲ့ပါ ခေါ်ဆောင်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် မန်ဒက်စ်ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေက များစွာရှိနေကြပြီး စပိန်လာလီဂါ အသင်းတော်တော်များများကလည်း ပစ်မှတ်ထားနေတာကြောင့် ယူနိုက်တက်အနေနဲ့ အပြိုင်အဆိုင် ကမ်းလှမ်းရနိုင်ပါတယ်။ နောက်ပြီး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် အသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာက လုခ်ရှောနဲ့ ဘရန်ဒန်ဝီလီယံစ်တို့လို အရည်အသွေးမြင့် နောက်ခံလူတွေရှိနေတာကြောင့် စီနီယာအသင်းမှာ ချက်ချင်းနေရာရဖို့ လွယ်မှာမဟုတ်တဲ့အတွက် ယူနုုိက်တက်ရဲ့ ကမ်းလှမ်းမှုက အသက်ငယ်ရွှယ်ပြီး အတွေ့အကြုံ နုနယ်နေသေးတဲ့ ဒီကစားသမားအတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။