MySport Myanmar

အဓိက ကစားသမား (၄)ဦးကို စာချုပ်ပါ သဘောတူညီမှုအတိုင်း သက်တမ်းတိုးခဲ့တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မားကပ်စ်ရပ်ရှ်ဖို့ဒ် ဒီယိုဂိုဒါလော့ လုခ်ရှောနဲ့ ဖရက်ဒ်တို့ကို ကစားသမားတွေရဲ့ မူလစာချုပ်ပါ သဘောတူညီချက်များအတိုင်း တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့်ကို အသုံးပြုလိုက်ပြီ ဖြစ်တာကြောင့် ဒီကစားသမား(၄)ယောက်လုံးဟာ ယူနိုက်တက်အသင်းမှာ ၂၀၂၄ခုနှစ် ဇွန်လအထိ ဆက်လက် ရှိနေရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : The Athletic

၂၀၂၃ခုနှစ် ဇွန်လမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မယ့် ဒီကစားသမားတွေဟာ အသင်းနဲ့ စတင် ပူးပေါင်းချိန်ကတည်းက သူတို့ရဲ့ စာချုပ်ထဲမှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် နောက်ထပ် တစ်နှစ် ထပ်တိုးခွင့်ကိုပါ ထည့်သွင်း ချုပ်ဆိုထားခဲ့တာကြောင့် အခုလို အသင်းဘက်ကနေ တစ်နှစ် သက်တမ်းတိုခွင့်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလို သက်တမ်းတိုးလိုက်တဲ့အတွက် ကစားသမားတွေကို လာမယ့် ၂၀၂၃ခုနှစ် နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖို့ စိုးရိမ်စရာ မရှိတော့သလို အသင်းကနေ လုံးဝ မဆုံးရှုံးချင်တဲ့ ကစားသမားတွေကိုလည်း အသင်းနဲ့ ဆက်လက် လက်တွဲဖို့အတွက် စည်းရုံးဖို့ အချိန် အလုံအလောက် ရရှိနေမှာ ဖြစ်ပါတယ်။

Photo Credit : The Sport Mania

နာမည်ကျော် ဘောလုံးသတင်းထောက်ဖြစ်သူ ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်အရတော့ ယူနိုက်တက်အသင်းဟာ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်နဲ့ ညာနောက်ခံကစားသမား ဒါလော့တို့ကိုတော့ အသင်းမှာ ကာလရှည်ကြာ ဆက်လက် ထိန်းသိမ်းသွားချင်နေတဲ့အတွက် နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုသွားချင်နေပြီး ဒီကိစ္စအတွက်ကိုလည်း မကြာခင်မှာပဲ ကစားသမားတွေရဲ့အေးဂျင့်များနဲ့ ဆွေးနွေးသွားမယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အသင်းရဲ့ အမာခံ ကစားသမားဖြစ်သူ ဂိုးသမား ဒေးဗစ်ဒီဂီယာနဲ့လည်း စာချုပ်ကိစ္စတွေအတွက် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီဖြစ်ပြီး ကစားသမားရဲ့လက်ရှိ လုပ်ခလစာအတိုင်း ဆက်လက် ပေးချေသွားဖို့ အသင်းဘက်က ခက်ခဲနေတဲ့အတွက် ညှိနှိုင်းမှုတွေ ဆောင်ရွှက်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ဆောင်းဈေးကွက် မစတင်ခင်မှာပဲ အသင်းသားတချို့ကို တစ်နှစ် သက်တမ်းတိုးထားနိုင်ခဲ့တာကြောင့် ကစားသမားသစ် ခေါ်ယူမှုမှာ ပိုမို အာရုံစိုက်ထားနိုင်တေ့မှာ ဖြစ်ပေမယ့်လည်း အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေးဖြစ်သူ ဂါနာချိုဟာလည်း ၂၀၂၃ခုနှစ်မှာပဲ စာချုပ် ကုန်ဆုံးတော့မှာဖြစ်လို့ ဂါနာချိုကိုပါ အလျင်အမြန် သက်တမ်းတိုးဖို့ လိုအပ်နေပါတယ်။

Exit mobile version