ဂျုဗင်တပ်စ်အသင်းက မနေ့ညက သူတို့အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပတ်သက်ပြီး အလွန်ကို အရေးပါတဲ့ ပွဲစဉ်အဖြစ် ဘိုလော့ဂ်နာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် စီးရီးအေ ရာသီပိတ်ပွဲစဉ်မှာ အသင်းအတွက် အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို ဒဏ်ရာပြသာနာလည်း မရှိပဲ အသင်းရဲ့ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့သလို ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာ ထည့်သွင်းခဲ့ခြင်းမရှိတာကြောင့် ရော်နယ်ဒိုရဲ့ အနာဂတ်အခြေအနေက အရင်ထက်ကို ပိုမိုလှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : Sport Blid

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ လာမယ့် ၂၀၂၂ခုနှစ်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လတ်တလောမှာ သူရဲ့အနာဂတ်အခြေအနေတွေက မတည်မငြိမ် ဖြစ်နေရသလို အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေလည်း အတော်လေး ထွက်ပေါ်နေပါတယ်။ ဒီလို အခြေအနေမှာပဲ ဂျုဗင်တပ်စ်အသင်းဘက်ကနေ အရေးကြီးတဲ့ ပွဲစဉ်အတွင်း ပွဲထွက်လူစာရင်းကနေ ရော်နယ်ဒိုကို ချန်လှပ်ခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ ဂျုဗင်တပ်စ်ကစားသမားဘဝက အဆုံးသတ်လာတော့မလားဆိုပြီး မေးခွန်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Instagram

ဒီလိုအခြေအနေမှာပဲ ရော်နယ်ဒိုဟာ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့တော့မယ်ဆိုတဲ့ ကောလဟာလတွေက ပိုပြီးတော့ကို ထွက်ပေါ်လာခဲ့သလို ယူနိုက်တက်ဆီ ရော်နယ်ဒို ပြန်ရောက်လာနိုင်ခြေက ပိုမိုမြင့်တတ်လာခဲ့ရပါတယ်။ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့ ပြင်ဆင်သွားမယ့် ယူနိုက်တက်အသင်းဟာလည်း ရော်နယ်ဒိုလို ထိပ်တန်းကစားသမားမျိုးကို ပြန်လည်အလိုနေသလို နည်းပြဆိုးရှားလ်ကိုယ်တိုင်က ရော်နယ်ဒိုနဲ့ ပြန်လည်လက်တွဲချင်နေပါတယ်။ ဒီလို ကောလဟာလတွေ ထွက်ပေါ်နေတဲ့ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုကတော့ သူရဲ့အင်စတာဂရမ်ပေါ်မှာ သူနဲ့ သူရဲ့ဂျုဗင်တပ်စ်အသင်းတို့ ယူရိုပါလိဂ်ပြိုင်ပွဲဆီကို သွားရောက်ကစားရတော့မယ်ဆိုတဲ့ ပြောဆိုချက်တွေကို တိတ်ဆိတ်သွားဖို့ ရည်ရွှယ်တဲ့အနေနဲ့ နှုတ်ခမ်းပေါ် လက်ညိုးတင်ထားတဲ့ပုံစံနဲ့ ဓါတ်ပုံတစ်ပုံ တင်ထားခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့လို့ ပျော်ရွှင်မြူးထူးနေတဲ့ ဂျုဗင်တပ်စ်အသင်းဖော်တွေရဲ့ ဓါတ်ပုံတစ်ပုံကိုပါ တင်သွားခဲ့ပြီး “အဆုံးသတ်အထိ စောင့်ကြည်ပါ” လို့ အဓိပ္ပါယ်ရတဲ့ စာသားကို ရေးသားဖော်ပြသွားခဲ့ပါတယ်။