လာမယ့်ဘောလုံးရာသီမှာ အသင်းကနေ ကစားသမားအများအပြားကို ပြောင်းရွှေ့ကြေးမဲ့နဲ့ ဆုံးရှံးရမယ့်တဲ့ အသင်းတွေထဲမှာ ပီအက်စ်ဂျီအသင်းက ထိပ်ဆုံးကနေကို ပါဝင်လို့နေပါတယ်။ ကာဗာနီ သီယာဂိုဆေးဗားတို့လို ထိပ်တန်းကစားသမားကြီးတွေကို Free Agent အဖြစ် လက်လွတ်ရတော့မယ့် ပီအက်စ်ဂျီအသင်းရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားစာရင်းမှာ အသင်းရဲ့ ညာနောက်ခံလူ သောမတ်စ်မြူနီယာလည်း အပါအဝင်ပါပဲ။ ဒီကစားသမားကိုလည်း အသင်းပေါင်းများစွာကနေ စိတ်ဝင်တစားရှိနေကြပြီး မန်ချက်စတာယူနိုက်တက်အသင်းလည်း ပါဝင်လို့နေလျက်ရှိပါတယ်။

Photo Credit : AllFootball

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် နောက်ခံအစွန်လူ ကစားသမားမြူနီယာဟာ ၂၀၁၆ခုနှစ်တုန်းကမှ ဘယ်ဂျီယံထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ကလပ်ဘရုဂျ်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက ချုပ်ဆိုဖြစ်ခဲ့တဲ့ (၄)နှစ်စာချုပ်က လာမယ့်ဇွန်လနောက်ဆုံးရက်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ မြူနီယာကို ဒေါ့မွန် အေစီမီလန်အသင်းတို့ကန ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပေမယ့်လည်း ယူနိုက်တက်အသင်းက ယခင်ကတည်းကနေ မြူနီယာကို ပစ်မှတ်ထားနေတာဖြစ်ပြီး အခုလည်း ခေါ်ယူဖို့အတွက် ချဉ်းကပ်မှုတွေ ထပ်မံလုပ်ဆောင်လာပြီလို့ သိရပါတယ်။

Photo Credit : AllFootball

ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်ညာနောက်ခံလူလေး အာရွန်ဝမ်ဘစ်ဆာခါကို မခေါ်ယူခင်မှာ မြူနီယာကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့သေးပေမယ့် ပီအက်စ်ဂျီအသင်းဘက်ကနေ လက်မခံခဲ့လို့ မခေါ်ယူနိုင်ခဲ့တာဖြစ်လို့ ဘစ်ဆာခါကိုပဲ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ မြူနီယာက ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာလို့ရနိုင်တဲ့ အခြေအနေရှိနေတာကြောင့် ယူနိုက်တက်ဘက်ကနေ ပြန်လည်စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြူနီယာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် ဘစ်ဆာခါရဲ့နောက် ဒုတိယဦးစားပေးစားအဖြစ်သာ ကစားရနိုင်တာဖြစ်လို့ မြူနီယာအနေနဲ့ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုထက် အခြားအသင်းရဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားလာဖွယ်ရှိနေပါတယ်။