ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အင်တာမီလန် အသင်းရဲ့ ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ အတွက် အင်တာမီလန် အသင်းထံ ချိတ်ဆက်ကာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ပရီးမီးယားလိဂ် ကလပ် စပါးအသင်းကနေ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ သွားခဲ့သူ ဖြစ်ပေမယ့် အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အင်တာမီလန် အသင်းကနေ ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေသူပါ။

Photo Credit: Sky Sports

အဲရစ်ဆင်ဟာ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၇သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ကာ အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်းရှိမယ့် ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပေမယ့် တကယ်တမ်း မှာတော့ အသင်းရဲ့ အဓိက ကစားသမား မဖြစ်လာပဲ အရန်ခုံမှာသာ ထိုင်နေခဲ့ ရပါတယ်။ အထူးသဖြင့် ကွန်တီဟာ အင်တာမီလန် အသင်းရဲ့ ကွင်းလယ်မှာ ဘာရယ်လာကိုသာ အသုံးများနေတာကြောင့် အဲရစ်ဆင် အတွက် ပွဲထွက်ခွင့်ရဖို့ဟာ အတော်လေး ခက်ခဲနေပြီး အဲရစ်ဆင်ဟာ အင်တာမီလန် ကစားသမား ဘဝမှာ စုစုပေါင်း ၁၄၄၉မိနစ်သာ ကစားခဲ့ရကာ ၄ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ် ထားနိုင်ပါတယ်။ အင်တာမီလန် အသင်းရဲ့ ဉက္ကဌဖြစ်သူ မာရော့တာဟာ အဲရစ်ဆင်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိပေမယ့် အဲရစ်ဆင် ကတော့ ပွဲထွက်ခွင့်ရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ချင် နေပါတယ်။

Photo Credit: Sky Sports

အီတလီ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Gazetta သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ယခင်က အဲရစ်ဆင်ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အဲရစ်ဆင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အဲရစ်ဆင် အတွက် အင်တာမီလန် အသင်းထံ ချိတ်ဆက်ကာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ လက်ရှိမှာ အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းတစ်သင်းထဲ မဟုတ်ပဲ လန်ဒန်မြို့ခံ အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းဟာလည်း သူတို့အသင်းရဲ့ ကွင်းလယ်လူ ဇာခါနဲ့ အဲရစ်ဆင်ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖို့ ကြိုးစားသွားဖွယ် ရှိကြောင်း ဖော်ပြ ထားကြပါတယ်။ ဒါပေမယ့် အဲရစ်ဆင်ဟာ စပါးအသင်းမှာ ကစားဖူးတဲ့ ကစားသမား တစ်ဦးဖြစ်တာကြောင့် အာဆင်နယ် အသင်းထက်စာရင် မန်ချက်စတာ ယူနိုက်တက် အသင်းကိုသာ ရွေးချယ်ဖွယ် ရှိကြောင်း အင်္ဂလန် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။