ဂျေဒန်ဆန်ချိုကို ခေါ်ယူသွားဖို့ မအောင်မြင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဆန်ချိုကို အရခေါ်ယူနိုင်အောင် ထပ်မံကြိုးစားဦးမှာဖြစ်ပေမယ့်လည်း တကယ်လို့များ ထပ်ပြီးမအောင်မြင်ခဲ့ဘူးဆိုရင် Plan B အနေနဲ့ ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို ပစ်မှတ်ထားလာဖွယ်ရှိနေသလို ချယ်လ်ဆီးအသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့လူငယ်တောင်ပံကစားသမား ဗင်နီဆီယပ်စ်ဂျူနီယာကိုလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ်ရှိနေတယ်လို့ စပိန်သတင်းစာတစ်စောင်ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Mirror

Defensa Central သတင်းစာရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူနိုင်ခြင်းမရှိခဲ့ရင် နောက်ထပ်ပစ်မှတ်တစ်ခုအနေနဲ့ ရီးရဲလ်အသင်းရဲ့ဘရာဇီးတောင်ပံကစားသမားလေး ဗင်နီဆီယပ်စ်ကို ခေါ်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ အသက်(၂၀)အရွှယ်သာရှိသေးတဲ့ ဘယ်တောင်ပံကစားသမားလေး ဗင်နီဆီယပ်စ်ဟာ မန်စီးတီးကို အရေးနိမ့်ခဲ့ရတဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရတဲ့အပေါ် စိတ်ပျက်လျက်ရှိနေသလို ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၃၈)ပွဲအထိ ပါဝင်ခဲ့ရပေမယ့် လူစားဝင်ကစားသမားအဖြစ်နဲ့သာ အဓိကပါဝင်နေတာကို ဗင်နီဆီယပ်စ်က မပျော်မရွှင် ဖြစ်လို့နေပါတယ်။

Photo Credit : Daily Star

ဒီလိုအခြေအနေရှိနေတဲ့ လူငယ်ကြယ်ပွင့်လေးကို ချယ်လ်ဆီးအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ စတင်ပြသခဲ့ပေမယ့် လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကပါ ပါဝင်လာခဲ့ပြီး ကမ်းလှမ်းမှုတွေကို မကြာခင်မှာ ပြုလုပ်ကြဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းကတော့ သူတို့ရဲ့ကစားသမားလေးကို အသင်းကနေ ရောင်းထုတ်သွားဖို့ လုံးဝဆန္ဒမရှိသလို နည်းပြဇီဒန်းကလည်း လာမယ့်ဘောလုံးရာသီအတွင်း ဗင်နီဆီယပ်စ်ကို ပွဲထွက်ကစားခွင့်တွေ အများကြီးပေးသွားဖို့ အစီအစဉ်ရှိနေတဲ့အတွက် ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့ကမ်းလှမ်းချက်တွေက အောင်မြင်နိုင်ခြေ နည်းပါးနေပါတယ်။ ဒါ့အပြင် အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဗင်နီဆီယပ်စ်ကို ရီးရဲလ်ဘက်ကနေ စာချုပ်လျော်ကြေးအဖြစ် ယူရိုသန်း(၇၀၀)အထိပါ ချုပ်ဆိုထားတာဖြစ်လို့ ဒါကလည်း ချယ်လ်ဆီးနဲ့ ယူနိုက်တက်အတွက် အကျပ်ရိုက်စေနိုင်ပါတယ်။ ဘယ်တောင်ပံရော ညာတောင်ပံမှာပါ ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်တတ်တဲ့ ဗင်နီဆီယပ်စ်ဟာ လွန်ခဲ့တဲ့ (၂)နှစ်ခန့်က ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)နဲ့ ရောက်ရှိလာတာဖြစ်ပြီး ဒီရာသီမှာတော့ အသင်းအတွက် သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးဖန်တီးမှု(၄)ကြိမ် ပြုလုပ်လို့ထားပါတယ်။