မန်ချက်စတာယူနိုက်တက်အသင်းကတော့ အခုနှစ်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ကွင်းလယ်ပိုင်းကို ပိုုမိုတောင့်တင်းခိုင်မာလာစေဖို့အတွက် ပြိုင်ဘက်ချယ်လ်ဆီးအသင်းမှာ အနာဂတ်မရေမရာဖြစ်လာခဲ့တဲ့ ပြင်သစ်ကွင်းလယ်ခံစစ်ကစားသမား အန်ဂိုလိုကန်တီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိလို့နေပြီး ကမ်းလှမ်းမှုတွေကိုပါ ပြုလုပ်သွားဖွယ်ရှိနေတယ်လို့ နာမည်ကျော် ဗြိတိန်သတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ ကမ္ဘာ့ဖလားဆုရ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားကန်တီဟာ ချယ်လ်ဆီးအသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဆိုပေမယ့် ပြီးခဲ့တဲ့ရာသီအတွင်း ဒဏ်ရာပြသာနာများကြောင့် အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ နည်းပါးခဲ့သူဖြစ်သလို ချယ်လ်ဆီးနည်းပြဖရန့်လမ်းပတ်ကလည်း ကစားသမားသစ် ခေါ်ယူရမှာ အသုံးစရိတ် ပိုမိုရရှိနိုင်ဖို့အတွက် ကန်တီလို ကစားသမားမျိုးကို ရောင်းထုတ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ကန်တီကို ယူနိုက်တက်အသင်းအပြင် ရီးရဲလ်မက်ဒရစ် ပီအက်စ်ဂျီနဲ့ အင်တာမီလန်အသင်းတို့ကနေလည်း စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

Photo Credit : Mirror

ဒါပေမယ့် Oddschecker ကနေ ဖော်ပြချက်များအရ ကန်တီကို ခေါ်ယူဖို့အတွက် အခြေအနေအကောင်းဆုံးဖြစ်နေတဲ့အသင်းအဖြစ် ယူနိုက်တက်အသင်းက ထိပ်ဆုံးမှာရပ်တည်လို့နေပြီး ယူနိုက်တက်ဟာ ယခင်ကတည်းကလည်း ချယ်လ်ဆီးအသင်းဆီကနေ မာတာ မာတစ်တို့လို ကွင်းလယ်ကစားသမားတွေကို ဝယ်ယူခဲ့ဖူးတဲ့ အစဉ်အလာတွေကို ရှိခဲ့တာကြောင့် ကန်တီကိုလည်း ရောင်းချကောင်းရောင်းချနိုင်တယ်လို့ ဘွတ်ကီတွေကနေ ခန့်မှန်းလာခဲ့ကြတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကလည်း ကွင်းလယ်ခံစစ်နေရာအတွက် ကစားသမားကောင်းတစ်ယောက် လိုအပ်လို့နေပြီး ကန်တီလို အရည်အသွေးမြင့် ကစားသမားမျိုးနဲ့ဆိုရင်တော့ ယူနိုက်တက်ကွင်းလယ်ပိုင်းက ပိုပြီးအင်အားတောင့်တင်းလာနိုင်မှာ သေချာပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးအသင်းအနေနဲ့ သူတို့အသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ကို အနီးဆုံးပြိုင်ဘက်ဖြစ်နေတဲ့ ယူနိုက်တက်အသင်းဆီ ရောင်းချသွားနိုင်ပါ့ဦးမလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်နေရပြီး တကယ်လို့သာ ရောင်းချလိုက်မယ်ဆိုရင်တော့ ယူနိုက်တက်ကွင်းလယ်မှာ ပေါ့ဘာ ကန်တီ ပြင်သစ်ကွင်းလယ်အတွဲအဖက်ကို မြင်တွေ့လာရတော့မှာဖြစ်ပါတယ်။