ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းဖို့ လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ညမှာတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ထားပြီး ဖိအားကင်းလို့နေတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)အဖြစ် အိုးထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ယူနိုက်တက်အသင်းကတော့ ယခင်ကတည်းက အသုံးပြုနေကြ လူစာရင်းအတိုင်းနဲ့ပဲ ဆက်လက်ပွဲထွက်လာခဲ့ကာ ညာခြမ်းခံစစ်မှာတော့ ဘစ်ဆာခါအစား ဖိုဆူမန်ဆာကို အသုံးပြုလာခဲ့သလို လုခ်ရှောမသက်သာသေးတဲ့အတွက် ဝီလီယံစ်ပဲ ဆက်လက်ပွဲထွက်သွားခဲ့ရပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ ရပ်ဖိုဒ့် မာစီယဲလ် ပေါ့ဘာ ဖာနန်ဒက်ဇ် မာတစ် ဂရင်းဝုဒ် လင်ဒီလော့ မက်ဂွိုင်းယားနဲ့ ဒီဂီယာတို့ ပါဝင်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းဘက်မှာလည်း အန်တိုနီယို ဘိုဝန် နိုဘယ် ဖော်နယ်စ် ရိုက်စ် ဆူဆက် ခရက်စ်ဝဲလ်စ် အော့ဘွန်နာ ဒီအော့ ဂျွန်ဆန် ဖာဘီယန်စကီးတို့ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်သာတယ်ဆိုပေမယ့် ဘာမှထိထိရောက်ရောက် ပေးပို့မှုတွေ ရှိမနေခဲ့လို ဖာနန်ဒက်စ် ဘောလုံးအပျက်များပြီး ပေါ့ဘာရဲ့လုပ်အားနှုန်းတွေ သိပ်မမြင်ခဲ့ရတာကြောင့် ကွင်းလယ်ပိုင်းက အားနည်းနေခဲ့ရပါတယ်။ ပွဲပြီးခါနီးလောက်မှာ ဝက်စ်ဟမ်းတို့ ဖရီးကစ်ကန်ခွင့်ရခဲ့လို့ ရိုက်စ်ကန်သွင်းရာ ပေါ့ဘာလက်နဲ့ ဘောလုံးကို တားမိသလို ဖြစ်ခဲ့ရာကနေ ဝက်စ်ဟမ်း ပင်နယ်တီကန်ခွင့်ရခဲ့ပြီး အန်တိုနီယိုက အဆုံးသတ်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာတုန်း အသင်းရဲ့ခံစစ်ညာခြမ်းမှာ ဘာမှအထောက်အကူမပြုနိုင်ခဲ့တဲ့ မန်ဆာကို ဒုတိယပိုင်းအစမှာပဲ ဘစ်ဆာခါနဲ့ လူစားလဲခဲ့ပြီး အသင်းကိုလည်း ကစားဟန်ပြောင်းလဲလာခဲ့ပြီး (၅၁)မိနစ်မှာပဲ မာစီယဲလ်နဲ့ ဂရင်းဝုဒ်တို့ အတွဲအဖက်ကနေ ဂရင်းဝုဒ်က ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ချေပဂိုးရပြီးတဲ့နောက်မှာ ယူနိုက်တက်တိုက်စစ် အရှိန်မြင့်လာခဲ့ပေမယ့်လည်း ဝက်စ်ဟမ်းခံစစ်က အကောင်းဆုံးထိန်းချုပ်ထားနိုင်သလို ယူနိုက်တက်ရဲ့ဘောလုံးပြတ်မှုတွေနဲ့ ပေးပို့ပုံ မတိကျမှုတွေ ဆက်တိုက်ဖြစ်နေခဲ့လို့ ဝက်စ်ဟမ်းတောင် အခွင့်အရေးတွေ ပိုရလာခဲ့ရပါတယ်။ ပွဲပြီးဆုံးချိန်ထိ ဘယ်အသင်းကမှ ဂိုးတွေဆက်မသွင်းနိုင်တော့ပဲ တစ်ဂိုးစီသရေနဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ရပါတယ်။