MySport Myanmar

ကတ်စ်မဲရိုးကို လက်ရှိရနေတဲ့ လုပ်ခလစာ ၂ဆ ပေးမယ် ဆိုပြီး ကမ်းလှမ်းထားတဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးအား ခေါ်ယူနိုင်ဖို့ ကတ်စ်မဲရိုးကို မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေကာ ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ် ဖြစ်တဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်အား မခေါ်ယူနိုင်ဖို့ သေချာသွားပြီးနောက် ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဘရာဇီးလ် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Football 365

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သလို ရီးရဲလ်မက်ဒရစ်နဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကျန်ရှိနေသေးပေမယ့် ရီးရဲလ်မက်ဒရစ်က သူ့လိုမျိုး ကွင်းလယ်ခံစစ် နေရာမှာ ကစားနိုင်စွမ်း ရှိတဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ ကာမာဗင်ဂါနဲ့ ချူအာမီနီတို့ကို ခေါ်ယူခဲ့တာကြောင့် သူ့ရဲ့ ပွဲထွက်ခွင့် အတွက် စိုးရိမ်စိတ်တွေ ရှိနေသူပါ။

ရီးရဲလ်မက်ဒရစ် နည်းပြဖြစ်သူ အန်ဆလော့တီကတော့ ကတ်စ်မဲရိုးနဲ့ တွေ့ဆုံကာ သူဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ ဦးစားပေး ကွင်းလယ်လူ တဦး အဖြစ် ဆက်ရှိနေဦးမယ်လို့ ကတိပေးထားပေမယ့် ကတ်စ်မဲရိုးက သူ ရှိနေရက်နဲ့ ကွင်းလယ်ခံစစ် နေရာမှာ ကစားနိုင်စွမ်း ရှိတဲ့ လူငယ်ကြယ်ပွင့် နှစ်ဦး အထိ ခေါ်ထားတဲ့ လုပ်ရပ်ကို သဘောမကျပဲ အကယ်၍ သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

Photo Credit: Football 365

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ကတ်စ်မဲရိုးကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ကတ်စ်မဲရိုးကလည်း မြင့်မားတဲ့ လုပ်ခလစာ ပမာဏ တရပ် ရရင် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စဉ်းစားဖို့ ရှိနေကာ မန်ချက်စတာ ယူနိုက်တက်က ကတ်စ်မဲရိုးကို သူတို့အသင်းဆီသာ ပြောင်းလာရင် သူ့ရဲ့ လက်ရှိ လုပ်ခလစာ ဖြစ်တဲ့ ပေါင် ၂သိန်းရဲ့ ၂ဆ ပမာဏ ဖြစ်တဲ့ ပေါင် ၄သိန်း အထိ ပေးမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ကတ်စ်မဲရိုးကသာ အသင်းကနေ ထွက်ခွာချင်ကြောင်း တောင်းဆိုလာရင် ကတ်စ်မဲရိုးကို ထွက်ခွာခွင့် ပေးဖို့ ပြင်ဆင်ထားပြီး ရီးရဲလ်မက်ဒရစ်ဟာ ကတ်စ်မဲရိုးအတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် လိုချင်နေကြောင်း နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။

Exit mobile version