မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမားဟောင်း ပက်ထရစ်အီဗရာက ပရီးမီးယားလိဂ်ပွဲပြိုင်ပွဲအတွင်း အခုချိန်ထိ အသင်းအတွက် ပွဲထွက်ကစားခွင့် မရရှိသေးတဲ့ အသင်းရဲ့ ကစားသမားသစ် ဒွန်နီဗန်ဒယ်ဘိခ်နဲ့ပတ်သက်ပြီး တကယ်တမ်းမှာ ဒီကစားသမားလေးက အသင်းအတွက် အမှန်တကယ် အလိုရှိတဲ့ ကစားသမားမဟုတ်ပဲ အသင်းရဲ့ကွင်းလယ်မှာက ကစားသမားတွေ အလျှံအပယ်ရှိနေတာကြောင့် ဗန်ဒယ်ဘိခ်ကို ခေါ်ယူမိတာက မလိုအပ်ပဲ ခေါ်ယူနေသလို ဖြစ်နေရတယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : ManUtdTimes

မနေ့ညက ကျင်းပသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း လုံးဝပါဝင်ကစားခဲ့ရခြင်းမရှိပဲ အသင်းရဲ့ပွဲစဉ် အစအဆုံးကို ပွဲကြည့်စင်ပေါ်ကနေသာ ကြည့်ရှုခဲ့ရတဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်နဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်း အီဗရာက “ကျွန်တော်တို့ ဗန်ဒယ်ဘိခ်အကြောင်း ပြောနေကြတာပါ။ သူ့ကို ဆန့်ကျင်ပြီး ပြောဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အသင်းက သူ့ကို ဘာကြောင့်ခေါ်ယူခဲ့ရတာလဲ”

Photo Credit : Opera News

“သူက ပွဲတိုင်းနီးပါး အသင်းရဲ့ပွဲစဉ်တွေကို ပွဲကြည့်စင်ကနေပဲ အမြဲကြည့်ရှုနေရတယ်။ တကယ်ဆို အသင်းအတွက် ဒီကစားသမားလေးကို အလိုမရှိခဲ့ဘူး။ ဒါက အမှန်တရားပါပဲ” လို့ ချယ်လ်ဆီးအသင်းနဲ့ ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။ အီဗရာရဲ့သုံးသပ်ကိုလည်း သူရဲ့အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ကစားသမားဟောင်းကြီး ဂယ်ရီနဖီးလ်ကပါ ထောက်ခံသွားခဲ့ပြီး ငွေကြေးများစွာနဲ့ ခေါ်ယူထားတဲ့ ကစားသမားတစ်ယောက်ကို ပွဲထွက်ခွင့်မပေးသေးပဲ အရန်မှာပဲ ထားရှိနေတာက အသုံးစရိတ်တွေ ဖြုန်းတီးသလို ဖြစ်နေသလို ကစားသမားကလည်း ကြာရင်စိတ်ဓါတ်ကျလာနိုင်တယ်လို့ ထပ်လောင်းသုံးသပ်လိုက်ပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ အေဂျက်ကွင်းလယ်ကစားသမားဟောင်း ဗန်ဒယ်ဘိခ်ဟာ လက်ရှိအချိန်ထိ အသင်းအတွက် ပရီးမီးယားလိဂ်မှာ စုစုပေါင်း(၅၉)မိနစ်ပဲ ပါဝင်ကစားထားခဲ့ရပြီး အသင်းရဲ့ကာရာဘောင်းဖလားပွဲ(၂)ပွဲမှာပဲ ပွဲထွက်ခွင့်ရထားခဲ့တာဖြစ်ပါတယ်။ အသင်းမှာ နေရာမရသေးတဲ့ ဗန်ဒယ်ဘိခ်နဲ့ပတ်သက်ပြီး သူရဲ့အေးဂျင့်ကလည်း ယူနိုက်တက်ကို ဝေဖန်ထားခဲ့ပေမယ့် နည်းပြဆိုးလ်ရှားကတော့ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဘာမှစိုးရိမ်နေရာမရှိပဲ သူ့အတွက် ကစားခွင့်တွေက တဖြည်းဖြည်းနဲ့ ရရှိလာလိမ့်မယ်လို့ပဲ တုန့်ပြန်ပြောဆိုထားခဲ့ပါတယ်။