ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ စတင် ပြုလုပ်လာကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ယခုနှစ် နွေဈေးကွက်အတွင်းမှာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး အသင်းထံ တရားဝင် ထွက်ခွာခွင့်လည်း တောင်းဆိုထားသူပါ။

Photo Credit: Standard

တဖက်မှာလည်း ဂျူဗင်တပ်အသင်းဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် လုပ်ခလစာ မြင့်မားတဲ့ ရိုနယ်ဒိုကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရင် ရောင်းချဖို့ ဆုံးဖြတ်ထားပြီး နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် အလိုရှိနေကြောင်း သိရပါတယ်။

လက်ရှိမှာ ရိုနယ်ဒိုဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး မန်ချက်စတာ စီးတီးအသင်းရဲ့ တာဝန်ရှိသူတွေဟာ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်နဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကာ သဘောတူညီမှု ရဖို့ နီးစပ်နေပါပြီ။

Photo Credit: Standard

ရိုနယ်ဒိုက မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အချိန်မှာပဲ ရိုနယ်ဒိုရဲ့ အသင်းဟောင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်လာပြီး ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်နဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ဆိုလိုက်ပါတယ်။

ဒါပေမယ့် ရိုနယ်ဒိုဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း နည်းပါးနေပြီး သူ့ရဲ့ ကစားသမားဘဝ ကနေ အနားမယူခင် ချန်ပီယံလိဂ် ဆုဖလား တလုံး ထပ်မံ ရယူချင်တဲ့ ဆန္ဒကို ပြည့်မြောက်အောင် လုပ်ဆောင်ပေးနိုင်စွမ်း ရှိတဲ့ မန်ချက်စတာ စီးတီးအသင်းထံသာ ပြောင်းရွှေ့ဖွယ် ရှိကြောင်း နာမည်ကျော် အားကစားရေးရာ သုံးသပ်သူတွေ အားလုံးက ခန့်မှန်းထားပါတယ်။