ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးအသင်း ဖြစ်တဲ့ လစ်ဇက်အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ ပြင်သစ် နောက်ခံလူ အူပါမီကာနို ကတော့ သူ့အနေနဲ့ လက်ရှိမှာ စာချုပ်သစ် ချုပ်ဆိုထားပေမယ့် အပြောင်းအရွှေ့ ပြုလုပ်ဖို့ အတွက် ဆွေးနွေးမှုတွေ ရှိနေတယ် လို့ ဝန်ခံသွားခဲ့ပါတယ်။ အသက် ၂၁နှစ်အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ် ခံစစ်မှူး အူပါမီကာနိုဟာ ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ်ကြယ်ပွင့်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြသနိုင်ခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ပြင်သစ် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ အူပါမီကာနိုကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းက စိတ်ဝင်စားနေသလို ဒီ နွေစျေးကွက် အတွင်းမှာပဲ ခေါ်ယူဖို့အတွက် စတင် ကြိုးပမ်းလာပါတယ်။ အူပါမီယာနိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ လစ်ဇက်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုထားခဲ့သလို စာချုပ်မှာပါတဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ လည်း လာမယ့် နွေစျေးကွက်မှသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းဟာ အူပါမီကာနိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ စတင် ချိတ်ဆက်နေသလို အူပါမီကာနို အတွက် လစ်ဇက်အသင်းဆီကိုလည်း တရားဝင် စတင် ကမ်းလှမ်းတော့မှာ ဖြစ်ကြောင်း သိထားရပါတယ်။

Photo Credit: Mirror

အူပါမီကာနို ကတော့ သူ့အနေနဲ့ စာချုပ်သစ် ချုပ်ဆိုထားတာ မှန်ပေမယ့် အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိကြောင်း ဝန်ခံစကား ပြောကြားသွားခဲ့ပါတယ်။ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ရှိနေကြောင်းကို အူပါမီကာနိုက ” ကျွန်တော်ဟာ လစ်ဇက်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့ နည်းပြကို ယုံကြည်မှု ရှိလို့ပါ။ ကျွန်တော်ဟာ လစ်ဇက် အသင်းမှာ အဆင်ပြေနေပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော့်ကို လိုချင်နေတဲ့ အသင်းတွေ ရှိပါတယ်။ ကျွန်တော်က အဲ့ဒီ အသင်းတွေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် အချိန်တွေ ရှိပါသေးတယ်။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့ ” လို့ ပြောကြားသွားခဲ့တာပါ။