ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ရဲ့ အမြဲတမ်း နည်းပြရာထူး အတွက် ယမန်နေ့မှာပဲ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ရလဒ်ကောင်းတွေ မရခဲ့တာကြောင့်ပဲ အသင်းရဲ့နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဝါရင့် ဂျာမန် ဘောလုံးဂုရုကြီး ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ပေမယ့် ရန်းဂ်နစ်ရဲ့ လက်အောက်မှာလည်း ရလဒ်တွေ တိုးတက်လာခြင်း မရှိတာကြောင့် အသင်းကို ရေရှည် ကိုင်တွယ်နိုင်မယ့် နည်းပြကောင်း တဦးကို ရှာဖွေနေတဲ့ အသင်းပါ။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှ စတင်ကာ အသင်းကို ရေရှည် ကိုင်တွယ် ထိန်းကျောင်းနိုင်မယ့် နည်းပြတဦးကို ရှာဖွေနေတာ ဖြစ်ပြီး သူတို့ရဲ့ နည်းပြသစ်ကို ယခုနှစ် ဘောလုံးရာသီ မကုန်ခင်မှာပဲ တရားဝင် ကြေညာဖို့ စီစဉ်နေသလို အေဂျက်နည်းပြ တန်ဟက်ဂ်က သူတို့ရဲ့ နည်းပြသစ် လျာထားစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေသူလည်း ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ တန်ဟက်ဂ်နဲ့ တရားဝင် တွေ့ဆုံကာ အင်တာဗျူး တခု ပြုလုပ်ခဲ့ပြီး တန်ဟက်ဂ်က အင်တာဗျူးမှာ သူ့ရဲ့ အနာဂတ် အစီအမံတွေ ၊ အတွေးအခေါ်တွေကို အကောင်းဆုံး ချပြနိုင်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ကလည်း တန်ဟက်ဂ်ကို အတော်လေး သဘောကျနေကြောင်း သိရပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် တဦးဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း တန်ဟက်ဂ်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အရေးကြီးပုဂ္ဂိုလ်တွေ တွေ့ဆုံ ဆွေးနွေးမှု ရှိခဲ့ကြောင်းကို အတည်ပြုပေးထားပြီး မန်ချက်စတာ ယူနိုက်တက်က အခြားနည်းပြတွေကို ဆက်လက် အင်တာဗျူးဖို့ စီစဉ်နေပေမယ့် တန်ဟက်ဂ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ အတော်လေး နီးစပ်နေကြောင်း ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အေဂျက်နဲ့ စာချုပ်သက်တမ်း ၁၅လကျော် ကျန်သေးတဲ့ တန်ဟက်ဂ်ကို ခေါ်ယူချင်ရင် စာချုပ်ဖျက်သိမ်းကြေး ယူရို ၅သန်း ဝန်းကျင် ပေးချေရနိုင်ပါတယ်။