ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ စီးရီးအေကလပ် အေစီမီလန် အသင်းရဲ့ တူရကီ ကွင်းလယ်လူ ကယ်ဟာနိုဂလူးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး စိတ်ချရတဲ့ ဂျာမန် သတင်းထောက် ခရစ်ရှန်ဖော့တ် က ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၂၆နှစ် အရွယ်သာ ရှိသေးတဲ့ ကယ်ဟာနိုဂလူးဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ အေစီမီလန် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံး တော့မယ့် ကစားသမား ဖြစ်ပြီး သူသာ အေစီမီလန် အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုခဲ့ပါက လာမယ့် ဇန်နဝါရီလ ရောက်ရှိရင် အခြားအသင်းတွေထံ ပြောင်းရွှေ့ဖို့ အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်မယ့် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ကယ်ဟာနိုဂလူးဟာ လက်ရှိ အေစီမီလန် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ကစားနေရသူ ဖြစ်ပေမယ့် အသင်းဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားပြီး ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ကစားသမား အဖြစ် ရေပန်းစား နေပါတယ်။ ဖော့တ်ရဲ့ ဖော်ပြချက် အရတော့ မန်ယူအသင်းနဲ့ ကယ်ဟာနိုဂလူးတို့ရဲ့ ကြားမှာ အနီးကပ် ဆွေးနွေးမှုတွေ စတင်နေပြီး မကြာမီမှာ သဘောတူညီမှု ရသွားဖွယ်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဖော့တ်က မန်ယူအသင်းဟာ ကယ်ဟာနိုဂလူး ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အတွက် မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ထဲက ကယ်ဟာနိုဂလူးနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ် ထားခဲ့ကြောင်းနဲ့ ကယ်ဟာနိုဂလူးကလည်း မန်ယူအသင်း ထံ ပြောင်းရွှေ့နိုင်ဖို့ အတွက် ဂျူဗင်တပ်အသင်းရဲ့ ကမ်းလှမ်းမှုကိုတောင် ပယ်ချခဲ့ကြောင်း ဆိုပါတယ်။

Photo Credit: Mirror

တူရကီ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ကယ်ဟာနိုဂလူးဟာ အေစီမီလန် အသင်းမှာ ၄နှစ်ကြာ ကစားခဲ့သူ ဖြစ်ပြီး ၄နှစ်တာ ကာလအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၃၇ပွဲအထိ ကစားပေးခဲ့ကာ ၂၇ဂိုး သွင်းယူ ထားပြီး ဂိုးဖန်တီးမှု ၄၀ကြိမ်အထိ ပြုလုပ်ထားနိုင်သူပါ။ အင်္ဂလန် သတင်းဌာန တချို့ရဲ့ ဖော်ပြချက်အရ ကယ်ဟာနိုဂလူးဟာ အေစီမီလန် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာ တစ်ပတ် လုပ်ခလစာ ပေါင် ၅၄၀၀၀ သာ ရရှိနေသလို အေစီမီလန် အသင်းက ကမ်းလှမ်းထားတဲ့ စာချုပ်သစ် မှာလည်း လစပမာဏဟာ ပေါင် ၇၀၀၀၀ ဝန်းကျင်သာ ရှိတာကြောင့် အေစီမီလန် အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေတာ ဖြစ်ပြီး မန်ယူအသင်းကတော့ ကယ်ဟာနိုဂလူးကို တစ်ပတ်လုပ်ခ ပေါင် ၁သိန်းအထိ ပေးချေမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။