ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့် တောင်ပံတိုက်စစ် ကစားသမား ဘယ်လာရာဘီကို အလွတ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၃၃နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် ကစားသမားဟောင်း ဘယ်လာရာဘီက ဇူလိုင်လ ၁ရက်နေ့မှာ လေဗာကူဆင်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေသူပါ။

Photo Credit: Euro Sports

ဘယ်လာရာဘီက ၂၀၁၄ခုနှစ် ကနေ ၂၀၂၃ခုနှစ် အထိ ၉နှစ်ကြာအောင် လေဗာကူဆင် အတွက် ပါဝင် ကစားပေးခဲ့သူ ဖြစ်ပြီး သူက လေဗာကူဆင် အတွက် ပြိုင်ပွဲစုံမှာ ၂၉၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၇ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆၆ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အသင်းခေါင်းဆောင်ရာထူးကိုပါ ရရှိခဲ့ပါသေးတယ်။

ဘယ်လာရာဘီက အတိုးအလှုပ် ကောင်းတဲ့ ကစားသမား ဖြစ်သလို ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးနဲ့ နောက်ချန်တိုက်စစ် ၊ ကွင်းလယ်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိတာကြောင့် တိုက်စစ်ပိုင်း အတွက် စွယ်စုံရ ကစားသမား တဦး လိုချင်တဲ့ အသင်းတွေဟာ ဘယ်လာရာဘီကို ခေါ်ယူသင့်ပါတယ်။

Photo Credit: Transfer Market

နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Corriere Dello Sportsရဲ့ ဖော်ပြချက်အရ ဘယ်လာရာဘီရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ ကစားသမားကို မန်ချက်စတာ ယူနိုက်တက်နဲ့ အေစီမီလန်တို့ဆီ ကမ်းလှမ်းထားပြီး နှစ်သင်းစလုံးကလည်း ဘယ်လာရာဘီရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှု တချို့ လုပ်ထားကြောင်း သိရပါတယ်။

ကနဦးမှာ မန်ချက်စတာ ယူနိုက်တက်က ဘယ်လာရာဘီကို ခေါ်ယူဖို့ စိတ်မဝင်စားခဲ့ပေမယ့် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီ တယောက် တရားရင်ဆိုင်ရဖို့ ရှိနေတာကြောင့် ဘယ်လာရာဘီကို ကာလတိုစာချုပ်နဲ့ ခေါ်ယူဖို့ မျက်စိကျလာတာ ဖြစ်ပြီး ဘယ်လာရာဘီကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အေစီမီလန် နှစ်သင်းထဲက တသင်းဆီ ပြောင်းချင်နေပါတယ်။