ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က အေဂျက်ရဲ့ အဓိက နောက်ခံလူ ဂျူရီယန် တင်ဘားစ်ကို ခေါ်ယူနိုင်ဖို့ အတွက် အေဂျက်ရဲ့ တာဝန်ရှိသူတွေနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အေဂျက်နည်းပြ အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးနောက် တန်ဟက်ဂ်နဲ့ လက်တွဲခဲ့ဖူးတဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေကို အသင်းဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းနေပြီး တင်ဘားစ်ကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: 90 Mins

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် နောက်ခံလူ တင်ဘားစ်က ဗဟိုခံစစ် နေရာမှာ သာမကပဲ ညာနောက်ခံလူနေရာနဲ့ လိုအပ်ရင် ကွင်းလယ်ခံစစ် ကစားသမား အဖြစ်ပါ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် ကစားသမား တဦးပါ။

ဒါကြောင့်ပဲ တန်ဟက်ဂ်က အခွင့်အရေးသာ ရမယ် ဆိုရင် ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ တင်ဘားစ်ကို ခေါ်ယူပေးဖို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ကလည်း တင်ဘားစ်ကို ခေါ်ယူနိုင်ဖို့ အတွက် အေဂျက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

 

Photo Credit: 90 Mins

ရိုမာနိုရဲ့ ပြောပြချက်အရ တင်ဘားစ်အနေနဲ့ သူ့ရဲ့ အနာဂတ်ကို အခုချိန်အထိ ရေရေရာရာ မသိသေးသလို မန်ချက်စတာ ယူနိုက်တက်နဲ့ အေဂျက်တို့ရဲ့ ကြားမှာ တင်ဘားစ် အတွက် ဆွေးနွေးမှု တချို့ ရှိနေပြီး အကယ်၍ မန်ချက်စတာ ယူနိုက်တက်ကသာ အေဂျက်ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောနိုင်ရင် တင်ဘားစ်က မန်ချက်စတာ ယူနိုက်တက်ထံ ယခု နွေအပြောင်းအရွှေ့မှာပဲ ရောက်လာနိုင်ကြောင်း သိရပါတယ်။

ဒါပေမယ့် ယခုအချိန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဦးစားပေး ပစ်မှတ်က ကွင်းလယ်ဗဟိုနေရာကို အင်အားဖြည့်တင်းရန် ဖြစ်ပြီး အသင်းရဲ့ ရှိရင်းစွဲ ခံစစ်မှူးတွေ ဖြစ်တဲ့ ဘိုင်လီ ၊ ဖီးလ်ဂျုံးစ်နဲ့ ဘစ္စကာတို့ကို ရောင်းထုတ်နိုင်မှသာ တင်ဘားစ်ကို ပြန်လည် ခေါ်ယူဖွယ် ရှိနေပါတယ်။

Cover Photo Credit – Daily Mail