ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အတ္တလန်တာ လူငယ်ကြယ်ပွင့် ဟွိုက်လန်းကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးစားနေပေမယ့် တဖက်မှာလည်း ဟွိုက်လန်းကို အကြောင်းအမျိုးမျိုးကြောင့် မခေါ်နိုင်ရင် ဖရန့်ဖတ်ကြယ်ပွင့် မူအာနီကို ပြောင်းလဲ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နေရာစုံမှာ ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကတော့ အတော်လေးကို အားနည်းနေပြီး ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ အန်တိုနီ မာရှယ်နဲ့ ရက်ဖို့ဒ်တို့ နှစ်ဦးကိုသာ ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်မယ့် အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး အတ္တလန်တာနဲ့ ဒိန်းမတ် လူငယ်ကြယ်ပွင့် ဟွိုက်လန်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်ပေမယ့် ဟွိုက်လန်းရဲ့ မိခင်ကလပ် အတ္တလန်တာနဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေ လုပ်ရာမှာ အဆင်မပြေသေးပဲ အတ္တလန်တာက ဟွိုက်လန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းကျော် အထိ လိုချင်နေပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းလို တက်သစ်စ လူငယ်ကြယ်ပွင့် တဦး အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းကျော် အထိ သုံးစွဲဖို့ စိတ်ကူးမရှိတာကြောင့် ဟွိုက်လန်းကို မရရင် ပြောင်းလဲ ခေါ်ယူဖို့ အတွက် ဖရန့်ဖတ်ကြယ်ပွင့် မူအာနီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး မူအာနီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ ၄၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၃ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၆ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ဖရန့်ဖတ်ကတော့ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင် လိုချင်နေပါတယ်။