ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ခရိုအေးရှားကလပ် ကူစတိုစီဂျာနဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ခလာပီဂျာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ ခလာပီဂျာက အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့သူ ဖြစ်ပေမယ့် သူ့မိဘတွေရဲ့ မွေးရပ်မြေ ခရိုအေးရှားနိုင်ငံကို ကိုယ်စားပြု ကစားဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး သူက ခရိုအေးရှား ယူ-၁၇အသင်း အတွက် ၂ပွဲ ပါဝင် ကစားပေးထားပါတယ်။

Photo Credit: Twitter

ခလာပီဂျာက အထောင်တိုက်စစ် တနေရာထဲမှာသာ ကစားလေ့ ရှိသူ ဖြစ်ပြီး သူက မကြာသေးမီကမှ ကူစတိုစီဂျာနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုထားပါတယ်။

ခလာပီဂျာက ကူစတိုစီဂျာရဲ့ အသင်းကြီး လူစာရင်းမှာ ပါဝင်ခွင့် ရထားပြီး သူ့ရဲ့ အလားအလာနဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် လိုက်ပ်ဇစ် ၊ ချယ်လ်ဆီး စတဲ့ ဥရောပ ထိပ်သီးအသင်းတွေက ခလာပီဂျာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ခလာပီဂျာကို ခေါ်ယူဖို့ အတွက် အတော်လေး စိတ်ဝင်စားနေတာကြောင့် အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ခလာပီဂျာကို ခေါ်ယူနိုင်ဖို့ ခလာပီဂျာနဲ့ရော ကူစတိုစီဂျာနဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မန်ချက်စတာ ယူနိုက်တက် အပြင် လိုက်ပ်ဇစ်ကလည်း ခလာပီဂျာအတွက် တရားဝင် ဆွေးနွေးမှု တချို့ လုပ်ထားကြောင်း သိရပါတယ်။

ကူစတိုစီဂျာကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ခလာပီဂျာအတွက် ပြောင်းရွှေ့ကြေး ယူရို ၁သန်းနဲ့ ၂သန်းကြား ပမာဏ တရပ်ကို တောင်းဆိုဖွယ် ရှိနေသလို ခလာပီဂျာကို သူတို့အသင်းဆီ တရာသီအငှား ပြန်ချပေးဖို့ပါ တောင်းဆိုသွားမယ်လို့ ခရိုအေးရှား အခြေစိုက် သတင်းဌာန တချို့က ဖော်ပြထားကြပါတယ်။