ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ညာနောက်ခံလူ ဆာဂျီနိုဒက်စ်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ညာနောက်ခံနေရာမှာ ဒါးလော့နဲ့ ဘစ္စကာ နှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က တိုက်စစ်အားသန် ညာနောက်ခံလူတွေကိုသာ သဘောကျတာကြောင့် ဘစ္စကာရဲ့ နေရာကို အစားဝင်မယ့် နောက်ထပ် ညာနောက်ခံလူ တဦးကို ခေါ်ယူချင်နေပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ ဘာစီလိုနာက သူတို့အသင်းရဲ့ အသက် ၂၁နှစ် အရွယ် အမေရိကန် ညာနောက်ခံလူ ဆာဂျီနိုဒက်စ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးထားသလို ဆာဂျီနိုဒက်စ်ကလည်း သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ကူးရှိနေပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ တာဝန်ရှိသူတွေဟာ ယနေ့မနက် အစောပိုင်းမှ စတင်ကာ ဆာဂျီနိုဒက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘာစီလိုနာက ဆာဂျီနိုဒက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။

Photo Credit: The Sun

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဆာဂျီနိုဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ နွေဈေးကွက် အသုံးစရိတ် မြင့်မားနေမှုကြောင့် ယူနိုက်တက်ဟာ ဆာဂျီနိုဒက်စ်ကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူနိုင်ကြောင်း ဆိုထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဆာဂျီနိုဒက်စ်ကို ခေါ်ယူပြီးရင်တော့ အသင်းရဲ့ ညာနောက်ခံလူ တဦး ဖြစ်သူ ဘစ္စကာကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာတော့ ဝက်စ်ဟမ်းနဲ့ ခရစ္စတယ် ပဲလေ့စ်တို့က ဘစ္စကာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။