ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက်ရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဝက်ဖို့ဒ်ရဲ့ အရန်ဂိုးသမား ဘက်ချ်မန်းကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ နော်တင်ဟမ် ဖောရက်စ်ဆီ တရာသီအငှားနဲ့ သွားရောက် ကစားတော့မယ့် အသင်းရဲ့ အရန်ဂိုးသမား ဟန်ဒါဆန်ရဲ့ နေရာနဲ့ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတဲ့ စတုတ္ထ ဦးစားပေး ဂိုးသမား လီဂရန့်တို့ရဲ့ နေရာအတွက် အစားထိုးမှု တရပ် အဖြစ် ဘက်ချ်မန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၂၇နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ဂိုးသမား ဘက်ချ်မန်းက အင်္ဂလန် အတွေ့အကြုံရင့် ဂိုးသမား တဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်အတိုင်း ကစားနိုင်စွမ်း ရှိသူပါ။

ဒါပေမယ့် ဘက်ချ်မန်းရဲ့ လက်စွမ်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးပေါက်ကို ကာကွယ်ခိုင်းဖို့ ယုံကြည်စိတ်ချရတဲ့ အနေအထား တရပ်မှာ ရှိမနေပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘက်ချ်မန်းက ဝက်ဖို့ဒ်အတွက် ၁၃ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုး ၃၂ဂိုး အထိ ရှိခဲ့ကာ ပေးဂိုးမဲ့တဲ့ပွဲ တပွဲမှ မရခဲ့ပါဘူး။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရတော့ မန်ချက်စတာ ယူနိုက်တက်က ဘက်ချ်မန်းကို ခေါ်ယူဖို့ ဝက်ဖို့ဒ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကာ ဝက်ဖို့ဒ်ဘက်က ပြောင်းရွှေ့ကြေး ပေါင် ၂သန်း ဝန်းကျင် ရရှိရင် ဘက်ချ်မန်းကို ရောင်းချနိုင်ကြောင်း သိရပါတယ်။

ဘက်ချ်မန်းကတော့ ဝက်ဖို့ဒ်ရဲ့ အရန်ဂိုးသမား အဖြစ် ကစားဖို့ထက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကာ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်က ဘက်ချ်မန်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့ လွယ်ကူကြောင်းလည်း နီးစပ်သူတွေက ဆိုထားကြပါတယ်။