ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့တဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း တိုက်စစ်မှူးတွေကို ရှာဖွေနေရာမှ ဂျူဗင်တပ်နဲ့ လမ်းခွဲထားတဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြောင်း နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာနတွေ အားလုံးက အခိုင်အမာ ဖော်ပြသွားခဲ့ကြပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဒိုင်ဘာလာက ပါလာမိုကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူက ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သူ ဖြစ်ပြီး ဂျူဗင်တပ် အတွက် ပြိုင်ပွဲစုံမှာ ၂၉၃ပွဲ အထိ ကစားပေးခဲ့ရာ သွင်းဂိုး ၁၁၅ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က ဂျူဗင်တပ်နဲ့ လမ်းခွဲထားတဲ့ ဒိုင်ဘာလာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးချိန်ကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ဒိုင်ဘာလာကတော့ အီတလီ စီးရီးအေထက် တခြားနိုင်ငံတွေဆီသာ ပြောင်းရွှေ့ကာ ကစားချင်နေတာကြောင့် သူ့ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်မလာသေးတာပါ။

လက်ရှိအချိန်မှာတော့ ဒိုင်ဘာလာက အသင်းပြောင်းခွင့် တောင်းထားတဲ့ ရိုနယ်ဒိုကြောင့် တိုက်စစ်မှူး တဦး လိုအပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ မျက်စိကျနေသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ ဒိုင်ဘာလာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်လာကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက ဆိုပါတယ်။

Photo Credit: The Sun

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ Gazetta သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက်နဲ့ ဒိုင်ဘာလာတို့ရဲ့ ကြားမှာ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမှုတွေ ရှိနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး မန်ချက်စတာ ယူနိုက်တက်က ဒိုင်ဘာလာကို တပတ် လုပ်ခလစာ ပေါင် ၂သိန်း ဝန်းကျင် ပေးချေမယ့် ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်း သိရပါတယ်။