ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ညာနောက်ခံနေရာကို အားဖြည့်ဖို့ အတွက် နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ တပည့်ဟောင်း တဦး ဖြစ်တဲ့ ဘာစီလိုနာ ညာနောက်ခံလူ ဆာဂျီနို ဒက်စ်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က လက်ရှိ အသင်းရဲ့ ညာနောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဒါးလော့နဲ့ ဘစ္စကာတို့ နှစ်ဦးထဲမှာ ဒါးလော့ တဦးထဲကိုသာ သဘောကျတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ဘစ္စကာကို ပြန်လည် ရောင်းချကာ ဒါးလော့နဲ့ နေရာယှဉ်လုမယ့် နောက်ထပ် ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

 

Photo Credit: Team Talk

လက်ရှိမှာတော့ ဘစ္စကာရဲ့ အသင်းဟောင်း ခရစ္စတယ် ပဲလေ့စ်က ဘစ္စကာကို တရာသီအငှား (သို့) ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်း ဝန်းကျင်နဲ့ ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဘစ္စကာကို တရာသီအငှားနဲ့သာ စေလွှတ်ဖို့ ဆန္ဒရှိနေပါတယ်။

တဖက်မှာတော့ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အမေရိကန် ညာနောက်ခံလူ ဆာဂျီနို ဒက်စ်က ဘာစီလိုနာကနေ ထွက်ခွာခွင့် ရထားသူ ဖြစ်ပြီး ဘာစီလိုနာက သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။

Photo Credit: Team Talk

ဘာစီလိုနာနဲ့ ပတ်သတ်တဲ့ သတင်းတွေ ဆိုရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ယနေ့မနက် အစောပိုင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့က ဆာဂျီနို ဒက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကာ မန်ချက်စတာ ယူနိုက်တက်ဘက်က ဆာဂျီနို ဒက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် ပေးချေဖို့ လိုလားနေကြောင်း သိရပါတယ်။

ဆာဂျီနို ဒက်စ်ကလည်း ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် ဆရာဟောင်း အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က ယခုတပတ် အတွင်းမှာပဲ ဆာဂျီနို ဒက်စ်ကို ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။