ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကာလရှည်ပစ်မှတ် ကစားသမား ဖြစ်သူ မွိုက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ ဘရိုက်တန်နဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက် ၊ ကတ်စ်မဲရိုး ၊ အဲရစ်ဆင် ၊ တော်မီနေး ၊ ဗန်ဒီဘိခ် ၊ ဖရက်ဒ် စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် တော်မီနေး ၊ ဗန်ဒီဘိခ်နဲ့ ဖရက်ဒ်တို့ရဲ့ အနာဂတ်တွေက မရေရာတာကြောင့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ တာဝန်ရှိသူတွေက ယခု နွေဈေးကွက် အတွင်းမှာ အနည်းဆုံး ကွင်းလယ်လူ ၂ဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က ကနဦးမှာ ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီယော့နဲ့ ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်တို့ကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် ရာဘီယော့က ဂျူဗင်တပ်နဲ့ စာချုပ်သစ် ထပ်ချုပ်ဖို့ ဆုံးဖြတ်ခဲ့သလို မေဆန်မောင့်ကို ခေါ်ယူနိုင်ဖို့လည်း မသေချာသေးပါဘူး။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဘရိုက်တန် ကွင်းလယ်ကြယ်ပွင့် ကိုင်စီဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး မန်ချက်စတာ ယူနိုက်တက်က ကိုင်စီဒိုအတွက် ဘရိုက်တန်နဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဘရိုက်တန်ထံ ဆက်သွယ်ကာ ကိုင်စီဒိုအတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး မန်ချက်စတာ ယူနိုက်တက်က ကိုင်စီဒို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဝန်းကျင် အထိ အသုံးပြုရန် စီစဉ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အပြင် ချယ်လ်ဆီးကပါ ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးစားနေပြီး ချယ်လ်ဆီးက ကိုင်စီဒိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ကိုင်စီဒိုကို ခေါ်ယူချင်ရင် ခပ်သွက်သွက် လှုပ်ရှားနိုင်ဖို့ လိုအပ်နေပါတယ်။