ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါထိပ်သီး ကလပ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ညာတောင်ပံ ကစားသမား ကင်စလေ ကိုးမန်းကို လာမယ့် ဘောလုံးရာသီမှာ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေကာ အောင်မြင်မှုတွေလည်း ရရှိနေပြီလို့ ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၄နှစ် အရွယ် ပြင်သစ် တောင်ပံကစားသမား ကိုးမန်း ဟာ လက်ရှိ ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါ ပွဲစဉ် ၂၄ပွဲ ပါဝင် ကစားထားပြီး ၄ဂိုး သွင်းယူထားကာ ၄ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ကာလတန်ကြေး ကတော့ ယူရို ၄၀သန်း ရှိတယ် လို့ Transfer Market က ခန့်မှန်းထားပါတယ်။

Photo Credit: Daily Star

မန်ယူအသင်းဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ ကာလရှည် အားနည်းချက်တစ်ခု ဖြစ်တဲ့ ညာတောင်ပံ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ စီစဉ်နေတာ ဖြစ်ပြီး လက်ရှိမှာ ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံ ကစားသမား ဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပေမယ့် မတိုးတက်လာတာကြောင့် ကိုးမန်းကို ဒုတိယ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ကာ ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ကိုးမန်းဟာ တိုက်စစ်ရဲ့ ဘယ်တောင်ပံ ၊ ညာတောင်ပံနဲ့ နောက်ချန်တိုက်စစ် နေရာတို့မှာ ခြေစွမ်းပြ ကစားနိုင်သူ တစ်ဦး ဖြစ်ပြီး ပြင်သစ် လက်ရွေးစင် ကစားသမားလည်း ဖြစ်ခဲ့ဖူးတာကြောင့် လက်ရှိ မန်ယူအသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ မာရှယ် ၊ ပေါ့ဘာတို့နဲ့ ရင်းနှီးမှု ရှိကာ အဆိုပါအချက်ကြောင့်ပဲ ကိုးမန်းဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Star

ဘောလုံးလောကရဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေထဲက တစ်ခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ မန်ယူအသင်းဟာ ကိုးမန်းကို ခေါ်ယူခွင့်ရဖို့ အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ စတင် ညှိနှိုင်းဆွေးနွေး နေပြီး အခြေအနေဟာလည်း တိုးတက်မှုတွေ ရှိတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ကိုးမန်း ကို ခေါ်ယူနိုင်ဖို့ အလားအလာတွေ ရှိနေသလို တစ်ရာသီအငှားနဲ့ ဦးစွာ ခေါ်ယူပြီးမှ ခြေစွမ်းကို စောင့်ကြည့်ကာ အပြီးသတ် ခေါ်ယူမယ့် အစီအစဉ်ကိုလည်း ပြုလုပ်နိုင်တယ်လို့ The Athletic သတင်းဌာနက သုံးသပ်ထားပါတယ်​။ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ မန်ယူအသင်းအနေနဲ့ ဆန်ချိုကိုသာ ခေါ်ယူဖို့ ခက်ခဲနေပါက ကိုးမန်းကိုသာ ပြောင်းလဲ ခေါ်ယူသွားနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။