ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းပိုင်ရှင် ဖြစ်တဲ့ ဂလေဇာမိသားစုက မကြာခင်မှာ အသင်းကို ရောင်းချဖို့ အတွက် ရည်ရွယ်ထားတာကြောင့် ဆောင်းဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်ယူဖို့ ငွေကြေး မထုတ်ပေးတော့ဘူးလို့ ယုံကြည် စိတ်ချရတဲ့ သတင်းထောက်တွေ ဖြစ်တဲ့ အွန်စတိန်းနဲ့ အဲလက်စ် ခရော့တို့က အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းပိုင်ရှင် ဖြစ်တဲ့ ဂလေဇာမိသားစုက အသင်းကို ဆယ်စုနှစ် ၂စုနီးပါး ပိုင်ဆိုင်ခဲ့ပြီးနောက် ၂၀၂၃ခုနှစ် အတွင်းမှာ အသင်းကို ပြန်လည် ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဂလေဇာမိသားစုရဲ့ ကိုယ်စားလှယ်တွေက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူမယ့် ပိုင်ရှင်သစ်ကို စတင် ရှာဖွေနေပါတယ်။

Photo Credit: The Sun

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည် ရောင်းချရာ ကနေ ပေါင် ၅ဘီလီယံနဲ့ ၉ဘီလီယံကြား ပမာဏ တရပ် ရရှိမယ်လို့ ခန့်မှန်းထားပြီး လက်ရှိမှာတော့ အာရပ်စော်ဘွားတွေ ၊ အမေရိကန် ဘီလီယံနာတွေနဲ့ ကမ္ဘာတဝှမ်းမှာ ရှိတဲ့ နာမည်ကျော် ဘီလီယံနာတွေက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ အွန်စတိန်းရဲ့ အဆိုအရ ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို မကြာခင်မှာပဲ ရောင်းချဖွယ် ရှိနေပြီး အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ဖို့ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့က ယခု ဆောင်းဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်ယူဖို့ အတွက် တွန့်ဆုတ်နေကြောင်း သိရပါတယ်။

Photo Credit: The Sun

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့ကလည်း အွန်စတိန်းရဲ့ ဖော်ပြချက်ကို ထောက်ခံခဲ့သလို မန်ချက်စတာ ယူနိုက်တက်မှာ ဆောင်းဈေးကွက်အတွင်း သုံးစွဲဖို့ ငွေကြေး မရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဂျာအို ဖီးလစ်ကို အငှားနဲ့ ခေါ်ယူဖို့တောင် ခက်ခဲနေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူး ဂျာအို ဖီးလစ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူနိုင်ဖို့ အတွက် အငှားကြေး ပေါင် ၈သန်း + ဖီးလစ်ရဲ့ လုပ်ခလစာ ပေါင် ၈သန်း စုစုပေါင်း ပေါင် ၁၆သန်းကို ပေးချေရဖို့ ရှိနေပြီး အကယ်၍ ယူနိုက်တက်ကသာ ရှိရင်းစွဲ ကစားသမားတွေ အနက် တဦးကို မရောင်းထုတ်နိုင်ရင် ဖီးလစ်ကို ခေါ်ယူဖို့ မလွယ်ကူကြောင်း ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဝန်ခံထားကြပါတယ်။