ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချို ကို ခေါ်ယူဖို့ အတွက် အဆင်မပြေပါက ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရတဲ့ ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီကို ပြောင်းလဲ ခေါ်ယူသွားမယ် လို့ သိရပါတယ်။ မန်ယူအသင်း ဟာ အသက်၂၀အရွယ် အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ အတွက် အပြင်းအထန် ကြိုးစားနေပေမယ့် ဆန်ချိုအတွက် ဒေါ့မွန်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို၁၂၀သန်းဆိုတဲ့ ပမာဏ ကို ပေးချေဖို့ လက်တွန့်နေပြီး စုစုပေါင်း ယူရို ၉၀သန်းဝန်းကျင်သာ ပေးချေလိုနေတာကြောင့် ဆန်ချိုကို ခေါ်ယူဖို့ အခက်တွေ့နေတာလည်း ဖြစ်ပါတယ်။

Photo Credit: Express

နာမည်ကြီးသတင်းဌာန တစ်ခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ အဆိုအရ ဆန်ချိုကို ခေါ်ယူဖို့ အတွက် အဆင်မပြေတော့ပါက ဘာစီလိုနာ အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဒမ်ဘီလီ ကို ပြောင်းလဲ ကမ်းလှမ်းသွားဖို့ ပြင်ဆင် ထားတယ်လို့ သိရပါတယ်။ အသက်၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဒမ်ဘီလီဟာ ပင်ကိုယ် အရည်အသွေး ကောင်းမွန်သူ တစ်ဦး ဖြစ်ပေမယ့် ဘာစီလိုနာအသင်းဆီ ရောက်ရှိခဲ့အပြီးမှာ တော့ ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင် ဘာစီလိုနာ အသင်းအတွက် လာလီဂါပွဲစဉ် ၅ပွဲသာ ကစားပေးနိုင်ခဲ့သလို လက်ရှိမှာလည်း ပေါင်ဒဏ်ရာ ကြောင့် အချိန်အတော်ကြာအောင် အနားယူနေရသူပါ။

Photo Credit: Express

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီအပေါ်မှာ ထားရှိတဲ့ စိတ်ရှည် သည်းခံမှုတွေ ကုန်ဆုံးသွားပြီ ဖြစ်ကာ ဒမ်ဘီလီကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းလာမယ့် အသင်းရှိပါက လက်ခံ ဆွေးနွေး သွားမှာ ဖြစ်ပြီး ဒမ်ဘီလီကို ရောင်းချရာကနေ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် အလိုရှိနေကြောင်း သိရပါတယ်။ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အတွက် ဒေါ့မွန်အသင်းဆီကို နောက်ထပ် တစ်ကြိမ် ထပ်မံ ကမ်းလှမ်းဦးမှာ ဖြစ်ပြီး အဆိုပါ ကမ်းလှမ်းမှုကိုသာ ဒေါ့မွန်အသင်းဘက်က ပယ်ချသွားပါက ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းသွားမယ်လို့ သိရှိရပါတယ်။