ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ရာသီမှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း ရှင်ဟွာအသင်းကနေ ရာသီဝက်အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အီဂါလိုကို အငှားစာချုပ် ပြည့်သွားပါက ရှန်ဟိုင်းရှင်ဟွာ အသင်းထံ ပြန်လည် စေလွှတ်သွားမှာ ဖြစ်တယ်လို့ မန်ယူ အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ သွားခဲ့ပါတယ်။ အသက်၃၀အရွယ် အီဂါလိုဟာ မန်ယူ အသင်းကို အားပေးတဲ့သူတစ်ဦး ဖြစ်ပြီး အသင်းထံကို ရောက်ရှိချိန်မှ စတင်ကာ အသင်းအတွက် ရေကုန်ရေခမ်း ကြိုးစား ကစားပေးခဲ့သူ ဖြစ်တာကြောင့် အချိန်တိုအတွင်းမှာပဲ မန်ယူ ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့ပေမယ့် ရှန်ဟိုင်းရှင်ဟွာအသင်းဘက် က အီဂါလိုကို လက်လွှတ်ဖို့ ဆန္ဒမရှိတာကြောင့် မန်ယူအသင်းဘက်က အီဂါလိုကို အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Metro.com

အီဂါလိုဟာ မန်ယူအသင်းထံ ရောက်ရှိလာပြီးမှာ ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေက သူ့ကို အပြီးသတ်ခေါ်ယူဖို့ ရှန်ဟိုင်းရှင်ဟွာ အသင်းကို ဆက်သွယ်ခဲ့ပေမယ့် ရှန်ဟိုင်းရှင်ဟွာ အသင်းဘက်က အီဂါလိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်၂၅သန်းအထိ အလိုရှိနေတာ ကြောင့် မန်ယူအသင်းဘက်က အီဂါလိုကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အင်္ဂလန် သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ အီဂါလို ထွက်ခွာသွားမှုကြောင့် လစ်လပ်သွားမယ့် နေရာအတွက် ပြင်သစ်လီဂူးဝမ်းကလပ် အသင်းတစ်သင်း ဖြစ်တဲ့ လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကာ ဆွေးနွေးမှုတွေဟာလည်း အတော် ကို ခရီးပေါက်နေပြီလို့ သိရပါတယ်။

Photo Credit: Metro.com

အသက်၂၃နှစ်အရွယ်သာ ရှိသေးတဲ့ ဒမ်ဘီလီ ဟာ လက်ရှိ ဘောလုံးရာသီမှာ ဥရောပရဲ့ ထိပ်သီး ဂိုးသွင်းရှင်တွေထဲက တစ်ဦးဖြစ်ပြီး လီဂူးဝမ်းပြိုင်ပွဲမှာ ၂၇ပွဲ ပါဝင်ကစားထားခဲ့ရာ ၁၆ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ ၂ဂိုး ဖန်တီး ပေးထားနိုင်သူပါ။ ဒါ့ကြောင့်လည်း မန်ယူ အသင်းဘက်က သူ့ကို ခေါ်ယူဖို့ မျက်စိကျနေတာဖြစ်ပြီး ပြင်သစ်ကလာတဲ့ သတင်းတွေ အရတော့ ဒမ်ဘီလီဘက်ကလည်း မန်ယူ အသင်းထံ ပြောင်းရွှေ့လိုနေတယ်လို့ သိရှိရပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ မန်ယူအသင်းဟာ ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် လိုင်ယွန်အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိထားရပြီး လိုင်ယွန်အသင်းဘက်ကတော့ ပြောင်းရွှေ့ကြေးကို ယူရို၄၀သန်း လိုချင်နေတယ်လို့ သိရပါတယ်။