ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် တစ်ဦးဖြစ်တဲ့ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ လူငယ်တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူမယ့် အစီအစဉ်အား ရွှေ့ဆိုင်း လုပ်တယ်လို့ Mirrorသတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ အားနည်းချက်တစ်ခုလို ဖြစ်နေတဲ့ ညာခြမ်း တိုက်စစ်အတွက် ဆန်ချိုကို ခေါ်ယူလိုနေခဲ့တာ ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို ခေါ်ယူတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်ကြောင့် ဘဏ္ဏာရေးဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာ နိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ ရောက်မှသာ ဆန်ချိုကို ခေါ်ယူဖို့ ထပ်မံကြိုးစားသွားဖွယ် ရှိပါတယ်။

Photo Credit: Express.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ မန်ယူအသင်းရဲ့ အသင်းဒါရိုက်တာတွေဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လုပ်ဆောင်မယ့် ကစားသမား ခေါ်ယူမှုတွေနဲ့ ပတ်သတ်ပြီး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရကာ အဆိုပါ အစည်းအဝေးမှာ အသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်ကို ပေါင်၁၀၀သန်း သတ်မှတ်ခဲ့တယ်လို့ သိထားရပါတယ်။ မန်ယူ အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်လူတစ်ဦး ​၊ တိုက်စစ်မှူးတစ်ဦး ၊ တောင်ပံ တိုက်စစ်ကစားသမား တစ်ဦး တို့ကို ခေါ်ယူလို နေတာ ဖြစ်ပေမယ့် ဆန်ချိုကို ခေါ်ယူမယ်ဆိုပါက ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်းကျော် ပေးချေရမှာ ဖြစ်တာကြောင့် ဆန်ချိုရဲ့ အပြောင်းအရွှေ့ကို ခေတ္တနောက်ဆုတ်ပြီး တိုက်စစ်မှူး တစ်ဦးနဲ့ ကွင်းလယ်လူ တစ်ဦးတို့ကို ဦးစွာ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Express.com

လက်ရှိမှာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အတွက် မန်ယူအသင်းက အနီးစပ်ဆုံး အနေအထားမှာ ရှိနေပေမယ့် ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးအသင်း ၊ လီဗာပူး အသင်းတို့ကလည်း ဆန်ချိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတာကြောင့် ဘောလုံးသုံးသပ်သူတွေ ကတော့ မန်ယူအသင်းဟာ ဆန်ချိုကို လက်လွှတ်သွားရဖွယ် ရှိနေတယ်လို့ သုံးသပ် ထားကြပါတယ်။ ဒါပေမယ့် ဂျာမဏီအခြေစိုက် သတင်းဌာနတွေကတော့ မန်ယူအသင်းဟာ ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုကို အရယူပြီးမှသာ အပြောင်းအရွှေ့ကိစ္စကို ရွှေ့ဖို့ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ကြပါတယ်။