ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ စပိန်လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန် ဘယ်နောက်ခံလူ ရီဂွယ်လွန်ကို ခေါ်ယူချင်နေပေမယ့် ရီဂွယ်လွန် အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို ပေးချေဖို့ လက်တွန့်နေတယ် လို့ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေ အရ သိရှိရပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆီဗီးလားအသင်းနဲ့ အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ စပိန် လူငယ် ဘယ်နောက်ခံလူ ရီဂွယ်လွန်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှု ရှိနေခဲ့သလို ရီဂွယ်လွန်အတွက် သူ့ရဲ့ မိခင်ကလပ် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Express

အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် လူငယ် ဘယ်နောက်ခံလူ ရီဂွယ်လွန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆီဗီးလားအသင်းရဲ့ ဘယ်နောက်ခံလူ အဖြစ် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး မန်ယူအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို ဆီဗီးလားအသင်း ယူရိုပါလိဂ်ဖလား ရရှိအောင်လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင် ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ရီဂွယ်လွန်ဟာ ဆီဗီးလားအသင်းနဲ့ အငှားစာချုပ် ပြည့်ကာ မိခင်ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဆီ ရောက်ရှိချိန်မှာတော့ အသင်းနည်းပြ ဖြစ်သူ ဇီဒန်းရဲ့ ဦးစားပေး နောက်ခံလူ မဖြစ်ခဲ့သလို အသင်းကနေ ထွက်ခွာဖို့အတွက်လည်း ပြောဆိုခံခဲ့ ရပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်း ဟာ ရီဂွယ်လွန်ကို အရောင်းစာရင်း တင်ထားပြီး ရီဂွယ်လွန်ကို ခေါ်ယူဖို့ အတွက် ဆီဗီးလား ၊ မန်ယူနဲ့ စပါးအသင်းတို့က စိတ်ဝင်စားနေပါတယ်။

Photo Credit: Express

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၂၃ နှစ် သာ ရှိသေးတဲ့ ရီဂွယ်လွန် အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀ သန်းဝန်းကျင် အလိုရှိနေသလို ရီဂွယ်လွန်ကို ရောင်းချရာမှာလည်း ပြန်လည် ဝယ်ယူခွင့် (သို့) ကစားသမားကို ရောင်းချရာမှာလည်း သူတို့အသင်းရဲ့ သဘောထားကို ဦးစွာ မေးမြန်းရမယ့် အချက်တစ်ခုကို ထည့်သွင်းချင်နေပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ အဆိုအရတော့ လက်ရှိအချိန်မှာ ဆီဗီးလားအသင်းဟာ စပို့တင်းအသင်းရဲ့ နောက်ခံလူ အကူနာကို ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရခဲ့ပြီ ဖြစ်တာကြောင့် ရီဂွယ်လွန်ကို ခေါ်ယူဖို့ စိတ်မဝင်စားတော့ပဲ မန်ယူအသင်းကသာ ရီဂွယ်လွန်ကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံး အနေအထားတစ်ရပ်ကို ရောက်ရှိ နေတယ်လို့ သိရပါတယ်။ ရီဂွယ်လွန်ဟာလည်း မန်ယူအသင်းကို ပြောင်းရွှေ့လိုနေပေမယ့် မန်ယူအသင်းဟာ လက်ရှိမှာ ရီဂွယ်လွန်ရဲ့ ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၃၀ သန်းကို ပေးချေဖို့ လက်တွန့် နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ဟာ ကြန့်ကြာနေတာလို့ Romano က ထပ်မံ ပြောဆိုထားခဲ့ပါတယ်။