မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ချန်ပီယံလိဂ်မှာ အစ္စတန်ဘူလ် အသင်းကို ရှုံးနိမ့်အပြီးမှာတော့ ပေါလ်စခိုးလ်က ခံစစ်ပိုင်းကို “ ၁၀ နှစ်အောက် ကလေးတွေ ဘောလုံးကစားနေတဲ့ အတိုင်းပဲ ” ဆိုပြီးတော့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ အဆိုပါပွဲစဉ်မှာ မန်ယူအသင်းက ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပြီး သူတို့အသင်း ခွင့်ပြုပေးလိုက်ရတဲ့ အဖွင့်ဂိုးနဲ့ ပတ်သတ်ပြီး လက်ရှိအချိန်အထိ ဝေဖန်မှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ပွဲကစားချိန် ၁၂ မိနစ်အရောက် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ထောင့်ကန်ဘော ကန်ခွင့်ရရှိခဲ့ပါတယ်။ တစ်သင်းလုံးနီးပါး တိုက်စစ်မှာ ရောက်ရှိနေခဲ့ပြီးတော့ ကွင်းလယ်မှာ ခံစစ်ကစားသမား တစ်ဦးမှ ရှိမနေခဲ့ပါဘူး။ ယူနိုက်တက် အနေနဲ့ ဘောလုံး ဆုံးရှုံးခဲ့ရပြီးတော့ အစ္စတန်ဘူလ် အသင်းရဲ့ ကစားသမား အီဒင် ဗစ်စ်ကာ က ဂိုးဧရိယာထဲကနေ အမြင့်ဘော ကန်ထုတ်လိုက်ပြီးတော့ ဒမ်ဘဘ က ထိုဘောလုံးကို ခံစစ်မရှိတဲ့ ယူနိုက်တက် ဂိုးဧရိယာအခြမ်းကို ဆွဲယူသွားခဲ့ကာ အဖွင့်ဂိုးကို သွင်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Mirror

ပေါလ်စခိုးကတော့ ယူနိုက်တက် အသင်းကို အခုလိုပဲ ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ခဲ့ပါတယ်။ “ ဒါက တစ်သင်းလုံးနဲ့ သက်ဆိုင်တယ်။ ထောင့်ကန်ဘော ကန်ရပြီဆိုရင် ခင်ဗျားတို့ အနေနဲ့ သေချာပေါက် ကွင်းလယ်မှာ တစ်ဦးဦး ရှိနေဖို့ လိုအပ်ပါတယ်။ အဲ့ဒါက ၁၀ နှစ်အောက်ကလေးတွေ ဘောလုံးကစားနေတဲ့ အတိုင်းပဲ။ ခင်ဗျား အနေနဲ့ ဂိုးသွင်းဖို့ လိုအပ်နေပြီးတော့ နောက်ဆုံး မိနစ်ဖြစ်နေခဲ့မယ်ဆိုရင် အဲ့ဒါကို ခင်ဗျား နားလည်နိုင်ပါတယ်။ အဲ့ဒါက ရှက်ဖို့ အတော်ကောင်းပါတယ်။ နောက်တန်း လေးယောက်က ဘာတွေ လုပ်နေကြတာလဲ။ ကျွန်တော်တော့ စဉ်းစားလို့ကို မရတော့ပါဘူးဗျာ။ နောက်တန်းကစားသမားတွေ အနေနဲ့ တာဝန်ယူသင့်ပါတယ်။ ခင်ဗျားက မန်ယူမှာ ကစားနေတဲ့ ခံစစ်ကစားသမားဆိုရင် တစ်ယောက်ချင်းတွေ့ရင် ကာကွယ်နိုင်ရပါမယ်။ ကျွန်တော့် အထင် သူတို့ အဲ့ဒီလို မကစားတတ်ဘူးထင်တယ် ”

Photo Credit: Mirror

ယူနိုက်တက် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရိ‌ဗ်ကလည်း အဆိုပါသွင်းဂိုး ခွင့်ပြုပေးခဲ့ရတာနဲ့ ပတ်သတ်ပြီး ယူနိုက်တက်အသင်းရဲ့ ခံစစ်ကြောင်းကို ဝေဖန်သွားခဲ့ပါသေးတယ်။ “ ဒီလို သွင်းဂိုးမျိုး မြင်ဖူးလားဆိုတာတော့ ကျွန်တော် သေချာမမှတ်မိပါဘူး။ ပြဿနာက ဘာလဲဆိုရင် ကစားသမားတွေက လုံးဝ အကောင်အထည်မဖော်နိုင်တဲ့ ဖြတ်တင်ဘော တွေကို စောင့်နေတာပဲ။ ပြီးတော့ သူတို့က နောက်တန်းကို လုံးဝ ပြန်မဆင်းတော့ဘူး။ နောက်တန်း တစ်ခါပေါက်သွားတာနဲ့ ဒမ်ဘဘက ဂိုးသွင်းသွားတာပါပဲ ”