ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ အေဂျက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို လာမယ့် သောကြာနေ့မတိုင်မီ အပြီးသတ် ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်က အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာတဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် ကစားသမား တဦး ဖြစ်သလို မာတီနက်ဇ်က ဗဟိုခံစစ် ၊ ဘယ်နောက်ခံနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်တဲ့ စွယ်စုံရ ကစားသမား တဦးပါ။

Photo Credit: Metro

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့အပြိုင် အာဆင်နယ်ကပါ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး အေဂျက်ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ မာတီနက်ဇ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း အထိ လိုချင်နေပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်က မာတီနက်ဇ် အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း + အပိုဆုကြေး ယူရို ၃သန်းနဲ့ ကမ်းလှမ်းထားပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း မာတီနက်ဇ် အတွက် အာဆင်နယ်နဲ့အပြိုင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: Metro

နာမည်ကြီး နယ်သာလန် သတင်းထောက် တဦး ဖြစ်သလို အေဂျက်နဲ့လည်း နီးစပ်တဲ့ မိုက်ခ် ဗာဝစ်ချ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် စတင်မယ့် ယခုတပတ် သောကြာနေ့မတိုင်မီ မာတီနက်ဇ်ကို အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မာတီနက်ဇ် အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၃သန်း + အပိုဆုကြေး ယူရို ၃သန်းနဲ့ ကမ်းလှမ်းဖို့လည်း ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုက အာဆင်နယ်ထက် ယူရို ၃သန်း ပိုများနေသလို လီဆန်ဒရို မာတီနက်ဇ်ကလည်း သူ့ရဲ့ ဆရာရင်း အဲရစ် တန်ဟက်ဂ်နဲ့ ပြန်လည် လက်တွဲချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကသာ မာတီနက်ဇ်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။