ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ မကြာသေးမီက အသင်းကနေ ထွက်ခွာချင်ကြောင်း သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်လာတဲ့ အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ အတွက် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ကြောင်း ဥရောပ နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၇နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကသာ သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက လာမယ့် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါပေမယ့် ပေါ့ဘာကိုယ်တိုင်က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆက်နေဖို့ ဆန္ဒမရှိတော့သလို မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကလည်း ပေါ့ဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထပ်မံ လက်မလွှတ် လိုတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပေါ့ဘာကို ရောင်းချဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေက ဆုံးဖြတ်ချက် ချခဲ့ကြောင်း နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ The Sun သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ပေါ့ဘာကို ခေါ်ယူဖို့အတွက် သူ့ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်း ၊ ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ၊ စပိန် လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့က စိတ်ဝင်စား နေကြပေမယ့် ဂျူဗင်တပ်အသင်းကသာ ပေါ့ဘာကို ခေါ်ယူဖို့ ရေပန်း အစားဆုံး ဖြစ်နေပါတယ်။

Photo Credit: Standard

ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာကလည်း ပေါ့ဘာဟာ ဂျူဗင်တပ် အသင်းထံ ပြန်လည် ပြောင်းရွှေ့ နိုင်ကြောင်း ပြောဆို ထားတာကြောင့် ပေါ့ဘာကို ဂျူဗင်တပ် အသင်းရဲ့ ဝတ်စုံနဲ့ ထပ်မံ မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ် ဂယက်ကြောင့် ဂျူဗင်တပ် အသင်းဟာ ပေါ့ဘာအတွက် ငွေကြေးများစွာ သုံးစွဲနိုင်တဲ့ အနေအထားမှာ ရှိမနေပဲ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ပေါ့ဘာကို ခေါ်ယူစဉ်က ပေးချေခဲ့ရတဲ့ ပေါင် ၈၉သန်း ပမာဏနဲ့ အနီးစပ်ဆုံး ငွေကြေး ပမာဏတစ်ခုကို ရယူချင်နေကြောင်း သိရပါတယ်။ အီတလီ အခြေစိုက် သတင်းဌာနတွေ ကတော့ ဂျူဗင်တပ် အသင်းဟာ လတ်တလော အသင်းမှာ အဆင်မပြေ ဖြစ်နေတဲ့ အာဂျင်တီးနား တိုက်စစ် ကစားသမား ဒိုင်ဘာလာကို ပေါ့ဘာနဲ့ အလဲအထပ် ပြုလုပ်ချင်နေကြောင်း ဖော်ပြထားကြပါတယ်။