အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပေါလ်ပေါ့ဘာကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၈လသာ ကျန်ရှိတော့ပြီး စာချုပ်သစ်သာ ထပ်မံ ချုပ်ဆိုခြင်း မရှိပါက ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းနိုင်မယ့် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Express

 

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်သလို စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင်လည်း ဖြစ်တဲ့ ပေါလ်ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပြီးခဲ့တဲ့ ဘောလုံးရာသီထဲက ကြိုးစားနေပေမယ့် ပေါ့ဘာဘက်က စံချိန်တင် လုပ်ခလစာကို လိုချင်နေတာကြောင့် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အခက်တွေ့နေရကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာန ကတော့ ပေါလ်ပေါ့ဘာဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်ပါက ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် လုပ်ခလစာကို ပေးချေရမယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ အသိပေးထားကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ပေါ့ဘာကို အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာနဲ့ တန်းတူ လုပ်ခလစာ ဖြစ်တဲ့ တပတ်လုပ်ခ ပေါင် ၃သိန်း ပမာဏသာ ပေးချေဖို့ ဆန္ဒရှိနေကြောင်း ယနေ့မနက်ပိုင်းမှာ ထုတ်ဖော် ရေးသားခဲ့ပါတယ်။

Photo Credit: Express

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရလည်း မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ မလွယ်ကူတော့ကြောင်း သိထားရပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေါ့ဘာကို ၂၀၂၁ခုနှစ် မကုန်ခင် အထိ စာချုပ်သစ် ချုပ်ဆိုနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပေမယ့် စာချုပ်သစ်သာ ချုပ်ဆိုနိုင်ခြင်း မရှိတော့ပါက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာတင် ပေါ့ဘာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ ပေါ့ဘာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရှိရပါတယ်။

လက်ရှိမှာတော့ ပေါ့ဘာကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်အသင်းနဲ့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေကြပြီး ဂျူဗင်တပ်အသင်းဟာ ပေါ့ဘာကို ရာသီကုန်မှသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် ပီအက်စ်ဂျီအသင်းဟာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။