ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ရည်းစားဖြစ်သူကို ရိုက်နှက်ခဲ့တာကြောင့် အိမ်တွင်း အကြမ်းဖက်မှုနဲ့ တရားစွဲခံခဲ့ရတဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ထားမယ့် အစား လာမယ့် နွေဈေးကွက် အတွင်းမှာ အခြားအသင်း တသင်းထံ အငှားချဖို့ ဆုံးဖြတ်လိုက်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက လူငယ်အသင်း ကနေ အသင်းကြီးဆီ ရောက်ရှိချိန်မှာလည်း ထိုက်သင့်တဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အနာဂတ် အတွက် အရေးပါတဲ့ ကစားသမား အဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: Sports Brief

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ မေဆန် ဂရင်းဝုဒ်က ၂၀၂၁ခုနှစ်မှာ ရည်းစားဖြစ်သူ ဟာရီ ရော့ဘ်ဆန်ကို ရိုက်နှက်ခဲ့မိတာကြောင့် အိမ်တွင်း အကြမ်းဖက်မှုနဲ့ စွဲချက်တင် ဖမ်းဆီးခံခဲ့ရပြီး ရော့ဘ်ဆန်က ဂရင်းဝုဒ်ကို တရားမစွဲခဲ့ပေမယ့် ပြည်နယ် ရဲတပ်ဖွဲ့က ဂရင်းဝုဒ်ကို တရားစွဲခဲ့တာကြောင့် ဂရင်းဝုဒ်ဟာ အဆိုပါပြစ်မှု အတွက် ၁နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပါတယ်။

တရားရင်ဆိုင်နေစဉ် ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ကို သူတို့အသင်းရဲ့ လူစာရင်းထဲ ကနေ ဖယ်ရှားခဲ့ပြီး ဂရင်းဝုဒ်ကလည်း အသင်းနဲ့အတူ လေ့ကျင့်ခွင့် မရတော့တာကြောင့် တဦးထဲသာ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ မန်ချက်စတာတရားရုံးက ဂရင်းဝုဒ်ဟာ အိမ်တွင်း အကြမ်းဖက်မှု မကျူးလွန်ခဲ့ကြောင်း အမိန့်ချကာ ဂရင်းဝုဒ်ကို တရားသေ လွှတ်ပေးခဲ့ပြီး ဂရင်းဝုဒ်ကလည်း အမှုကနေ ကွင်းလုံးကျွတ် လွတ်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ဆီ ဆက်သွယ်ကာ သူ့ကို အသင်းမှာ ဆက်ကစားခွင့် ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က မေဆန် ဂရင်းဝုဒ်ရဲ့ အမှုအတွက် အသေးစိတ် စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဂရင်းဝုဒ်ကို နောက်ထပ် ၁ကြိမ် အခွင့်အရေး ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် လာမယ့်ရာသီမှာ တခြားအသင်း တသင်းထံ အငှားချကာ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး လက်ရှိမှာ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်က ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။