ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အောက်တိုဘာလ နှောင်းပိုင်းမှ စတင်ကာ ခြေစွမ်းပိုင်းရော ၊ ရလဒ်ပိုင်းပါ ယိမ်းယိုင်လာပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ပွဲမှာ ၁ပွဲနိုင် ၁ပွဲသရေ ၅ပွဲရှုံး ဆိုတဲ့ အရှက်ရဖွယ် မှတ်တမ်းတခုကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Euro Sports

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အတွက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး တရားဝင် ကြေညာမှုကိုတော့ မကြာခင်မှာပဲ ပြုလုပ်ဖွယ် ရှိပါတယ်။

Photo Credit: Euro Sports

ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို ပြီးခဲ့တဲ့ ၃နှစ် အတွင်းမှာ အသင်းကို အကောင်းဆုံး ထိန်းကျောင်းပေးနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ထုတ်ပြန် ကြေညာချက်မှာ ရာထူးကနေ ထုတ်ပယ်ကြောင်း ရေးသား ဖော်ပြမှာ မဟုတ်ပဲ ဆိုးလ်ရှားနဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့ကြောင်းသာ ရေးသား ဖော်ပြဖွယ် ရှိကြောင်းလည်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပြီး အကယ်၍ ဇီဒန်းကိုသာ မခေါ်ယူနိုင်ပါက အေဂျက်နည်းပြ တန်ဟက်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။