ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်ကို ခေါ်ယူဖို့အတွက် ကြိုးစားနေတာ မှန်ပေမယ့် များပြားတဲ့ သတင်းတွေ ထွက်ပေါ်နေသလို ပေါင်၁၀၀သန်းအထက် ကမ်းလှမ်းမှုမျိုးနဲ့ လုပ်မှာ မဟုတ်ဘူးလို့ မန်ယူ အသင်းနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောဆိုသွားကြပါတယ်။ မန်ယူအသင်းဟာ သူတို့ရဲ့ အသင်းကနေ ထွက်ခွာဖို့အတွက် လုပ်ဆောင်နေတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာရဲ့နေရာကို အစားထိုးနိုင်မယ့်သူ အဖြစ် အသက်၂၅နှစ် ရှိနေပြီဖြစ်တဲ့ ဆာအူလ်ကို သတ်မှတ်ထားကာ ဆာအူလ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတဲ့ အသင်းတစ်သင်းလဲ ဖြစ်ပါတယ်။

Photo Credit: Express.com

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ မန်ယူအသင်းဟာ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက ပေါ့ဘာ ၊ စမောလင်း ၊ ဖီးလ်ဂျုံးစ် ၊ ရိုဂျို ၊ ဆန်းချက် ၊ လင်ဂတ် စတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့အတွက် လုပ်ဆောင်နေပြီး အဆိုပါကစားသမားတွေကို ရောင်းထုတ်လို့ ရရှိလာတဲ့ ငွေကြေးတွေနဲ့ ဆာအူလ် ၊ ဒေါ့မွန်အသင်းက ထွက်ခွာမယ့် ဆန်ချိုတို့ကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထား နေပါတယ်။ ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ​့ သတင်းတွေအရတော့ မန်ယူအသင်းဟာ ဆာအူလ်ရဲ့ တန်ကြေးကို ပေါင်၈၀သန်းသာ သတ်မှတ်ထားကြောင်းနဲ့ ပေါင်၈၀သန်းထက် ပိုမိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဆာအူလ်ကို ကမ်းလှမ်း မှာ မဟုတ်ပဲ အက်သလက်တီကို မက်ဒရစ် အသင်းအနေနဲ့လည်း သူတို့ရဲ့ကမ်းလှမ်းမှုကို လက်ခံလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

Photo Credit: Express.com

အသက်၂၅နှစ်အရွယ် ဆာအူလ်ဟာ ဗဟို ကွင်းလယ်လူ တစ်ဦးဖြစ်ပေမယ့် ကွင်းလယ်ရဲ့ နေရာစုံမှာ ကစားနိုင်သူတစ်ဦး ဖြစ်သလို အသင်းရဲ့ ခံစစ်ပိုင်းကိုလည်း ကူညီနိုင်စွမ်းရှိသူ တစ်ဦးဖြစ်တာကြောင့် မန်ယူအသင်းနည်းပြ ဖြစ်သူ ဆိုးလ်ရှားက ဆာအူလ်ကို ခေါ်ယူလိုနေတာ ဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ မန်ယူအသင်းက ဆာအူလ်ကို ခေါ်ယူဖို့အတွက် ချဉ်းကပ်နေမှုကို မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားဖြစ်သူ ဖာဒီနန်ကလည်း ထောက်ခံလျက် ရှိနေပါတယ်။ ဆာအူလ်ရဲ့ခြေစွမ်းအပေါ် ဖာဒီနန်က ” ” ဆာအူလ်ဟာ အတော်လေး ကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော်က သူ့ရဲ့အကြောင်းကို ပြောပြောနေတာ အတော်ကြာနေပါပြီ။ သူက အဓိကကျတဲ့ ကစားသမားတစ်ဦးလို့ ထင်ပါတယ်။ သူက စိတ်တည်ငြိမ်တယ်။ အရမ်းကောင်းတဲ့ ဘယ်ခြေတစ်ချောင်းရှိတယ်။ ပြီးတော့ အသင်းရဲ့ ကစားကွက်အတွက် လိုက်လံ ချိတ်ဆက်ပေးနိုင်တဲ့သူလည်း ဖြစ်ပါတယ်။ ဂိုးတွေလဲ သွင်းယူနိုင်တယ်။ နည်းစနစ်ပိုင်းအရတော့ သူက အရမ်းကို ကောင်းမွန်ပါတယ်။ ခင်ဗျားက သူ့ရဲ့ အသင်းကို ဆီမြွန်နီဘယ်လို တည်ဆောက်ထားလဲဆိုတာ သိမှာပါ။ သူ့ရဲ့ ကွင်းလယ်လူတိုင်းက အရမ်းကို နည်းစနစ်ကြွယ်ဝပါတယ်။ အခု လက်ရှိမှာတော့ မန်ယူအသင်းကို သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ ဆက်လက်စောင့်ကြည့်သွားရမှာပါ။ မန်ယူ အသင်းက ကစားသမားအများစုနဲ့ ချိတ်ဆက် နေတဲ့အသင်းလေ ” လို့ ဖွင့်ဟ ပြောဆို ထားခဲ့ပါတယ်။