ဒီရက်ပိုင်းလေးအတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လာခဲ့တဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ဟာ သူရဲ့ဆရာဟောင်း အဲရစ်တန်ဟက်ဂ်နဲ့အတူ ယူနိုက်တက်အသင်းမှာ ပူးပေါင်းကြဖွယ် ရှိနေတယ်လို့ သုံးသပ်ဖော်ပြနေကြပေမယ့် ကစားသမားကိုယ်တိုင်က ချန်ပီယံလိဂ်ကို ဆက်လက်ဆင်နွဲချင်နေတာကြောင့် လာမယ့်ရာသီမှာ ယူရိုပါလိဂ် ဒါမှမဟုတ် ကွန်းဖရန့်လိဂ်သာ ဝင်ရောက်ယှဉ်ပြိုင်ရတော့မယ့် ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒမရှိပဲ ဖြစ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

 

လာမယ့်ရာသီမှာ ယူနိုက်တက်နည်းပြသစ်အဖြစ် စတင်တာဝန်ယူသွားတော့မယ့် တန်ဟက်ဂ်က သူနဲ့ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ နယ်သာလန် ကွင်းလယ်လူ ဒီဂျောင်ကို ယူနိုက်တက်ဆီ ခေါ်ဆောင်သွားနိုင်ဖို့ ကစားသမားနဲ့ရော ကစားသမားရဲ့ကလပ် ဘာစီလိုနာအသင်းနဲ့ပါ တွေ့ဆုံဆွေးနွေးနေတယ်လို့ သတင်းတွေ ဖော်ပြလာခဲ့ပါတယ်။ ဒီအခြေအနေမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းက သူတို့ရဲ့ ကစားသမားအတွက် ယူနိုက်တက်ဘက်ကနေသာ ယူရိုသန်း(၇၀)လောက်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ကမ်းလှမ်းမှုကို လက်ခံသွားနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေရတဲ့အတွက် ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းမှာ ဒီဂျောင်နဲ့ ဗန်ဒယ်ဘိခ်တို့ အတွဲအဖက်ကို မြင်တွေ့လာရတော့မယ်လို့ ထင်ကြေးပေးလာခဲ့ကြပါတယ်။

Photo Credit : Sky Sports

နယ်သာလန် လက်ရွေးစင် ကစားသမား ဒီဂျောင်ဟာ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒယ်ဘိခ်နဲ့ အသင်းဖော်ဟောင်းတွေသာမက အရင်းနှီးဆုံး မိတ်ဆွေတွေပါဖြစ်သလို ယူနိုက်တက်နည်းပြသစ် ဖြစ်လာတော့မယ့် တန်ဟက်ဂ်နဲ့ပါ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ပိုင်ဆိုင်ထားတာဖြစ်လို့ ကစားသမားကိုယ်တိုင်ပါ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာနိုင်တယ်လို့ ထပ်မံထင်ကြေးပေးလာကြပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းက ဒီရာသီမှာ အဆင့်(၆) ဒါမှမဟုတ် အဆင့်(၇)နေရာလောက်နဲ့သာ ရာသီသိမ်းရဖွယ် ရှိနေရတာကြောင့် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ သေချာပေါက် လွဲချော်ရတော့မှာဖြစ်တဲ့အတွက် အေဂျက်စ် ဘာစီလိုနာအသင်းတွေနဲ့အတူ နှစ်တိုင်းနီးပါး ချန်ပီယံလိဂ်ကို တောက်လျှောက်ဆင်နွဲနေရတဲ့ ဒီဂျောင်က ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိမှုအပေါ် စဉ်းစားလာနိုင်ဖွယ် ရှိနေပြီး ဒီအချက်က ယူနိုက်တက်အတွက် ဒီဂျောင်ကို ခေါ်ယူရာမှာ အကြီးမားဆုံး အဟန့်အတား ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။