ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဂျူဗင်တပ်ရဲ့ ကွင်းလယ်လူ ရာဘီယူးအား ခေါ်ယူရန် ကြိုးပမ်းခဲ့ပေမယ့် ရာဘီယူးရဲ့ အေးဂျင့်လည်းဖြစ် ၊ မိခင်လည်း ဖြစ်တဲ့ ဗီရိုနစ်ရဲ့ သူ့သားအတွက် မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေဖို့ တောင်းဆိုမှုကြောင့် ရာဘီယူးအား ခေါ်ယူဖို့ ကြိုးပမ်းနေမှု အားလုံးကို ရပ်တန့်လိုက်ကြောင်း နာမည်ကြီး သတင်းထောက်တွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ စီစဉ်ထားပြီး ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ကာလရှည် ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့နောက် ဂျူဗင်တပ်နဲ့ လမ်းခွဲတော့မယ့် ရာဘီယူးကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Team Talk

ပြင်သစ် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ရာဘီယူးက ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းမွန်သလို ခြေစွမ်းခြေစ ရှိတဲ့ ကစားသမားလည်း ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့ကို အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် မျက်စိကျခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ရာဘီယူးကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ဂျူဗင်တပ်နဲ့ ပဏာမ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က ရာဘီယူးရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ကစားသမားရဲ့ သဘောတူညီမှု တခုထဲသာ လိုအပ်တော့ပြီး ရာဘီယူးကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ ရာဘီယူးရဲ့ မိခင်ဖြစ်သူ ဗီရိုနစ်တို့ရဲ့ ကြားထဲမှာ လုပ်ခလစာ ညှိနှိုင်းရာမှာတော့ အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ ရာဘီယူးတို့ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေဟာ ပျက်ပြယ်သွားပြီ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ရာဘီယူးရဲ့ တောင်းဆိုမှုကို မလိုက်လျောနိုင်တာကြောင့် အပြောင်းအရွှေ့ မလုပ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းကလည်း ယူနိုက်တက်ဟာ ရာဘီယူးကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုများအား ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ရာဘီယူးရဲ့ မိခင်ဖြစ်သူက သူ့ရဲ့သားဟာ လက်ရှိ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်နဲ့ လုပ်ခလစာ အတူတူ ရမှသာ ယူနိုက်တက်ဆီ ပြောင်းဖို့ စိတ်ကူးရှိကြောင်း ပြောကြားခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားတာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။