လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ်တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျနေချိန်မှာ ယူနိုက်တက်ဘက်ကနေ လူစားဝင်လာခဲ့တဲ့ အီတလီတိုက်စစ်ကစားသမား ဖရက်ဒရစ်ကိုမာချီဒါဟာ အသင်းအတွက် အရေးပါတဲ့ အနိုင်သွင်းဂိုးကို နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့ပြီး ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်စေခဲ့ကာ သူရဲ့အနာဂတ်ကလည်း စတင်ထွန်းလင်းနိုင်ခဲ့ပါတယ်။

Photo Credit : MUFCLatest

ဗီလာနဲ့ပွဲအပြီး ဆန်းဒါလန်းနဲ့ပွဲမှာပါ အရန်ခုံကနေထလာပြီး နောက်ထပ်သွင်းဂိုးရယူနိုင်ခဲ့ပြန်တဲ့ မာချီဒါဟာ ယူနိုက်တက်အတွက် အလင်းလက်ဆုံး ကြယ်တစ်ပွင့်ဖြစ်လာနိုင်ပြီး အသင်းကနေ ရော်နယ်ဒို ထွက်ခွာသွားချိန်မှာ ရော်နယ်ဒိုရဲ့နေရာကို အစားထိုးနိုင်လိမ့်မယ်လို့ လူအများက ယူဆလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ယူဆချက်တွေက လုံးဝမှားယွင်းခဲ့ပြီး မာချီဒါကိုယ်တိုင် ခြေစွမ်းတွေ ပျောက်ဆုံးခဲ့တာကြောင့် ယူနိုက်တက်ကနေ အသင်းပေါင်းစုံကို ပြောင်းရွှေ့ကစားခဲ့ရာကာ နောက်ဆုံးမှာတော့ ဂရိစူပါလိဂ်ကလပ် ပင်နယ်သီယာကော့စ်အသင်းဆီကို ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အီတလီတိုက်စစ်ကစားသမား မာချီဒါဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ အီတလီကလပ် နိုဗာရာအသင်းကနေ ပင်နယ်သီယာကော့စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ အသင်းအတွက် ပြိုင်ပွဲစုံ(၂၈)ပွဲ ကစားထားခဲ့ကာ သွင်းဂိုး(၁၄)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို ပုံစံကောင်းတွေ ပြန်လည်ပြသနေနိုင်တဲ့ မာချီဒါကို ဥရောပကလပ်အသင်းကြီးတွေကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး AS သတင်းဌာနရဲ့ ဖော်ပြချက်တွေအရတော့ လာလီဂါကလပ်အသင်း တော်တော်များများက မာချီဒါကို ခေါ်ယူဖို့အတွက် စောင့်ကြည့်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ လိဂ်ဂိုး(၁၃)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ မာချီဒါဟာ ဂရိစူပါလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာ ဒုတိယနေရာက ရှိလို့နေပြီး သူရဲ့အထက်မှာ အိုလံပီယာကော့စ်အသင်းရဲ့ မော်ရိုကိုတိုက်စစ်ကစားသမား အယ်အာဘီက (၁၈)ဂိုးနဲ့ ရှိလို့နေတာဖြစ်ပါတယ်။