ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ တွမ်ဇီဘီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ရှက်ဖီးလ် ယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ မထင်မှတ်ပဲ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဝင်ရောက် ကစားရင်း ခြေစွမ်းပိုင်းမှာ ဆိုးရွားခဲ့တာကြောင့် ပွဲအပြီးမှာတော့ အစွန်းရောက် ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ လူမျိုးရေး ခွဲခြားမှုနဲ့ ကြုံတွေ့နေရကြောင်း သိရပါတယ်။

အိုးထရက်ဖို့ဒ်ကွင်း ထဲမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အနိုင်ရရှိပါက အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး မထင်မှတ်ပဲ အမှတ်ပေး ဇယားရဲ့ အောက်ဆုံးမှာ ရှိနေတဲ့ ရှက်ဖီးလ် ယူနိုက်တက် အသင်းကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ပေးလိုက်ရတဲ့ သွင်းဂိုး ၂ဂိုးလုံးမှာ တွမ်ဇီဘီရဲ့ အားနည်းချက်တွေ ပါဝင်ခဲ့ပါတယ်။

Photo Credit: Standard

ဒါ့ကြောင့်ပဲ ဒေါသထွက်နေတဲ့ အစွန်းရောက် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေနဲ့ လောင်းကြေး ရှုံးထားတဲ့ ပရိသတ် အများစုဟာ တွမ်ဇီဘီရဲ့ လူမှုကွန်ယက်မှာ တင်ထားတဲ့ ပို့စ်တွေအောက်မှာ လူမျိုးရေး ခွဲခြားတဲ့ စကားလုံးတွေ မန့်တာတွေ ၊ အကောင့်ကို လူမျိုးရေးခွဲခြားတဲ့ စာတွေ ပို့တာမျိုးတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ ကစားသမားကို ကာကွယ်မှုတွေ ပြုလုပ်နေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေ အားလုံးဟာလည်း တွမ်ဇီဘီဘက်က ရပ်တည်ကာ လူမျိုးရေး ခွဲခြားမှု ဆိုတာဟာ ကမ္ဘာကြီးမှာ မရှိသင့်တော့ကြောင်းနဲ့ အသားအရောင် ခွဲခြားမှုတွေကို ရပ်တန့်ဖို့ ပရိသတ်တွေကို တိုက်တွန်း ထားကြပါတယ်။

Photo Credit: Standard

တွမ်ဇီဘီရဲ့ လူမျိုးရေး ခွဲခြားခံရမှုနဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက သူတို့အသင်းရဲ့ သဘောထားကိုလည်း တရားဝင် ကြေညာ သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းက “ မနေ့ညက ပွဲစဉ်အပြီးမှာ ကစားသမားရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေဆီ ရောက်လာတဲ့ လူမျိုးရေး ခွဲခြားတဲ့ စာတွေကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိတဲ့ လူတိုင်းဟာ အတော်လေးကို စိတ်ပျက် နေပါတယ်။ ကျွန်တော်တို့ဟာ ဒီလုပ်ရပ်ကို ရှုတ်ချသလို ဆိုရှယ်မီဒီယာပေါ်မှာ ရှိနေကြတဲ့ အခြားအသင်းရဲ့ ပရိသတ်တွေဟာလည်း လူမျိုးရေးခွဲခြားမှုကို ရှုတ်ချသင့်ပါတယ်”

“မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လူမျိုးရေး ခွဲခြားမှုလို ၊ ခွဲခြားဆက်ဆံမှုတွေလို အရာတွေ အားလုံးနဲ့ ပတ်သတ်ပြီး ကင်းဝေးအောင် နေထိုင်လေ့ ရှိပါတယ်။ ပြီးတော့ ရှည်လျားတဲ့ ရည်မှန်းချက် တစ်ခုအတွက် တိုက်ပွဲဝင်နေချိန်မှာ ကျွန်တော်တို့ရဲ့ အနီရောင်တွေ အားလုံး ( ကစားသမားတွေ အားလုံး ) ဟာ အတူတူပါပဲ။ အခုလိုမျိုး စိတ်ဓာတ် မရှိတဲ့ လူမသိသူမသိ အရူးတွေဟာ အမြဲတမ်း ပြဿနာတွေကို ဖန်တီးနေတဲ့ လူစားတွေပါပဲ။ ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာတွေကို အသုံးပြုပြီး အခုလိုမျိုး ဖြစ်ရပ်တွေ ထပ်ပြီး မဖြစ်လာအောင် ပြင်းပြင်းထန်ထန် ကိုင်တွယ်သွားဖို့ အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်” ဆိုပြီး တရားဝင် စာတစ်စောင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။