မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အင်္ဂလန်ကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို ဒေါ့မွန်အသင်းကနေ အရခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီကို အငှားချထားတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ကမ်းလှမ်းသွားဖို့အထိပါ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Daily Express

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ ယူနိုက်တက်အသင်းမှာ နေရာပျောက်ဆုံးနေရာကနေ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်မှာပဲ ဝက်စ်ဟမ်းအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဝက်စ်ဟမ်းမှာတော့ လင်ဂတ်ဟာ သူရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြန်လည်ပြသလာနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေပါ လုပ်ဆောင်လာနိုင်ခဲ့သလို အသင်းကိုလည်း ဥရောပဝင်ခွင့် တစ်နေရာရအောင် ကြိုးပမ်းပေးနေတာကြောင့် သူ့ကို ဝက်စ်ဟမ်းဘက်ကနေပါ အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေရပါတယ်။

Photo Credit : Ace Football

ဒါပေမယ့် ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားကို အငှားချထားတဲ့ အသင်းဆီ ရောင်းချသွားဖို့ထက် သူတို့ အမှန်အကန်ကို ခေါ်ယူသွားချင်နေတဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူမယ့်အရေးမှာသာ အသုံးချသွားဖို့အတွက် ဦးစားပေးဖွယ် ရှိနေပါတယ်။ ဒေါ့မွန်အသင်းက သူတို့ရဲ့ ကြယ်ပွင့်ကစားသမား ဆန်ချိုကို အသင်းကနေ လက်လွတ်သွားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)လောက်အထိကို တစ်ခါတည်းအပြတ် အလိုရှိနေတာကြောင့် သူတို့လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးနီးနီးလောက်ရယ် အတွေ့အကြုံရှိ ကစားသမားတစ်ယောက်နဲ့ရယ်ပါ ပူးပေါင်းပြီး ကမ်းလှမ်းသွားဖို့ ယူနိုက်တက်ဘက်ကနေ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင်လောက်အပြင် လတ်တလောမှာ ခြေစွမ်းပြနေတဲ့ လင်ဂတ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းဖွယ် ရှိနေပေမယ့် ဒေါ့မွန်ဘက်ကတော့ ကစားသမား အလိုက်ပေးတာထက် သူတို့အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်း စျေးဆစ်ခြင်းမရှိပဲ တစ်ခါတည်းအပြတ် ကမ်းလှမ်းလာတာမျိုးကိုသာ လက်ခံသွားဖွယ် ရှိနေပါတယ်။