မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချို နဲ့ ကွင်းလယ်ကစားသမား ဒွန်နီ ဗန်ဒီဘိခ်တို့ နှစ်ဦးလုံးကို ပြောင်းရွှေ့ကြေး ပေါင် (၂၆)သန်းတည်းနဲ့တင် ရောင်းချသွားနိုင်တယ်လို့ အီတလီ အခြေစိုက် သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က လာမယ့် ဈေးကွက်အတွင်းမှာပဲ အသင်းက ကစားသမားတချို့ကို ရှင်းထုတ်သွားဖို့ ရှိနေပြီး ဒီကစားသမားတွေထဲမှာ ဆန်ချို နဲ့ ဗန်ဒီဘိခ်တို့လည်း ပါဝင်နေပါတယ်။ ဒီကစားသမား (၂)ဦးလုံးကိုလည်း စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းက စိတ်ဝင်စားလျက် ရှိနေပါတယ်။

Photo Credit : The Mirror

ဂျုဗင်တပ်စ်အသင်းက အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ နဲ့ တောင်ပံ ကစားသမား နီကိုလို ဖာဂီအိုလီတို့ကို ပွဲပယ် ပြစ်ဒဏ်တွေကြောင့် ကာလရှည်ကြာ လက်လွတ်ထားခဲ့ရချိန် သူတို့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ကစားသမားသစ်တွေ အလိုရှိလာတာ ဖြစ်ပါတယ်။

ဒါကြောင့် ဂျုဗင်တပ်စ်ဘက်က ယူနိုက်တက်ရဲ့ ကစားသမားတွေဖြစ်တဲ့ ဆန်ချို နဲ့ ဗန်ဒီဘိခ်တို့ကို ခေါ်ယူချင်လာခဲ့တာဖြစ်ပြီး ဒီကစားသမား (၂)ဦးလုံးအတွက် ပြောင်းရွှေ့ကြေး ပေါင် (၂၆)သန်းတည်းနဲ့ ကမ်းလှမ်းလာဖို့ ရှိနေရာ ယူနိုက်တက်အနေနဲ့လည်း ဒီကမ်းလှမ်းမှုကို လက်ခံသွားဖွယ်ပါ ရှိနိုင်တယ်လို့ Corriere Dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။ ဂျုဗင်တပ်စ်က ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် (၂၆)သန်းနဲ့ ကမ်းလှမ်းမယ်ဆိုရင် ဗန်ဒီဘိခ်ကိုပါ အငှားခေါ်ယူကြေး မပါဝင်ပဲ free loan ချပေးသွားနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Football365

ယူနိုက်တက်ကတော့ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုကို လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်ကမှ ဒေါ့မွန်ကနေ ပေါင် (၇၃)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်ကိုလည်း ၂၀၂၀ကမှ အေဂျက်စ်ကနေ ပေါင် သန်း(၄၀)နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဒီကစားသမား (၂)ယောက်လုံးဟာ ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်တွေ ရရှိဖို့ ခက်ခဲလို့နေပြီး ဆန်ချိုဆိုရင်လည်း တန်ဟက်ဂ်နဲ့ အဆင်မပြေ ဖြစ်နေသလို ဗန်ဒီဘိခ်ကိုလည်း တန်ဟက်ဂ်က အသင်းမှာ နေရာပေးဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။