မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ကစားသမားသစ်များစွာကို ခေါ်ယူသွားဖွယ်ရှိနေတာကြောင့် အသင်းရဲ့ ကစားသမားတချို့နေရာပျောက်လာနိုင်တဲ့အတွက် တစ်ရာသီလောက် အငှားချထားဖို့ကို စဉ်းစားလာခဲ့ပြီး အသင်းကနေ အငှားချသွားမယ့်အထဲမှာ တောင်ပံတိုက်စစ်ကစားသမားလေး ဒင်နီရယ်ဂျိမ်းစ်လည်း ပါဝင်လို့နေပါတယ်။ ယူနိုက်တက်ဟာ ဒင်နီရယ်ဂျိမ်းစ်ကို စာချုပ်သက်တမ်းတိုးပြီးမှ သူ့ကို ပွဲထွက်ခွင့်တွေ များစွာပေးသွားနိုင်မယ့် အသင်းတစ်သင်းဆီကို အငှားချသွားမယ်လို့ သိရှိရပါတယ်။

Photo Credit : AS English

ယူနိုက်တက်အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားက လာမယ့်ရာသီအတွက် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမားလေး ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့အတွက် အသည်းအသန် ကြိုးပမ်းလျက်ရှိနေပြီး တကယ်လို့ ဆန်ချိုသာ ရောက်ရှိလာခဲ့မယ်ဆိုရင်တော့ ဒင်နီရယ်ဂျိမ်းစ်ကို အငှားချရတော့မှာဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွှယ် ဝေးလ်လက်ရွေးစင် တောင်ပံကစားသမား ဒင်နီရယ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ဆွမ်ဆီးအသင်းကနေ ယူနိုက်တက်ဆီကို ပေါင်(၁၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက်ကိုလည်း သွင်းဂိုး(၄)ဂိုး ရယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : EdgeWings

ယူနိုက်တက်အနေနဲ့ ဒီကစားသမားလေးကို အသင်းတစ်သင်းသင်းဆီ အငှားမချခင်မှာ အသင်းနဲ့ နှစ်ရှည်စာချုပ်တစ်ရပ်ကို ထပ်မံချုပ်ဆိုသွားဖို့ပါ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်ကလည်း ဆန်ချိုကို ခေါ်ယူဖို့အပြင် အခြားသောကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ လေဗာကူဆင် ကွင်းလယ်ဖန်တီးရှင် ကိုင်းဟားဗက်ဇ် အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂါရီးလစ်ရှ်တို့ကိုလည်း ပစ်မှတ်ထားလို့နေတာကြောင့် အသင်းမှာ ဒင်နီရယ်ဂျိမ်းစ်ရဲ့ အခန်းကဏ္ဍာက ပိုမိုမှေးမှိန်သွားနိုင်တာကြောင့် အခုလို အငှားချသွားဖို့ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။ ဒင်နီရယ်ဂျိမ်းစ်ကို သူရဲ့ အသင်းဟောင်း ဆွမ်ဆီးအသင်းဆီ ပြန်လည်အငှားချနိုင်သလို ဒေါ့မွန်ကနေ ဆန်ချိုကို ခေါ်ယူရာမှာလည်း အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ်နဲ့ ဒင်နီရယ်ဂျိမ်းစ်ကို ဒေါ့မွန်အသင်းဆီ တစ်ရာသီ ဒါမှမဟုတ် နှစ်ရာသီလောက်အထိ အငှားချပေးဖွယ်ရှိပါတယ်။ လက်ရှိမှာတော့ ဂျိမ်းစ်ဟာ ယူနိုက်တက်နဲ့အတူ ဒီနှစ်ဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ပါတယ်။