MySport Myanmar

နူနက်ဇ်ကို မခေါ်ယူနိုင်ခဲ့တဲ့ မန်ယူ အေဘရာဟမ်ကို ပြောင်းလဲ ကြိုးပမ်းဖွယ်ရှိနေ

ဘင်ဖီကာအသင်းရဲ့ ဥရုဂွေးတိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ကို မခေါ်ယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးအဖြစ် ရိုးမားအသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို ပြောင်းလဲပစ်မှတ်ထားလာခဲ့ပြီး ခေါ်ယူသွားနိုင်ဖို့ ကြိုးပမ်းဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီနဲ့ လက်တွဲဖြုတ်တော့မှာဖြစ်ပြီး မာစီယဲလ်ကိုလည်း အသင်းမှာ ပြန်လည်နေရာပေးဖို့ မသေချာသလို ဂရင်းဝုဒ်ကလည်း အမှုကိစ္စနဲ့ ရင်ဆိုင်နေရချိန်ဖြစ်တဲ့အပြင် မားကပ်စ်ရပ်ရှ်ဖို့ဒ်ကလည်း ခြေစွမ်းပိုင်း မတည်ငြိမ်နိုင်တာကြောင့် တိုက်စစ်ပိုင်းအတွက် နူနက်ဇ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ နူနက်ဇ်က လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်လို့ ယူနိုက်တက်က နူနက်ဇ်အစား နောက်ထပ် တိုက်စစ်ကစားသမားအဖြစ် ချယ်လ်ဆီးတိုက်စစ်ကစားသမားဟောင်း အေဘရာဟမ်ကို ပြောင်းလဲပစ်မှတ်ထားလာနိုင်တယ်လို့ နာမည်ရ ဘောလုံးဂျာနယ်လစ်တစ်ဦးက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ပြီးခဲ့တဲ့နွေကမှ ချယ်လ်ဆီးကနေ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ရိုးမားကစားသမားဘဝ တာအထွက်မှာပဲ တာထွက်လှခဲ့သလို အသင်းအတွက် (၂၆)ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့အပြင် အသင်းနဲ့လည်း ယူရိုပါကွန်းဖရန့်လိဂ်ကိုပါ ဆွတ်ခူးနိုင်ခဲ့ရပါတယ်။ အီတလီမြေကို ပထမဆုံး ခြေချချိန်မှာပဲ မထင်မှတ်ထားလောက်အောင် ခြေစွမ်းပြနိုင်ခဲ့သူ အေဘရာဟမ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး ခေါ်ယူသွားဖို့အတွက် စီစဉ်လာခဲ့တာကြောင့် ရိုးမားနည်းပြ မော်ရင်ဟိုက အေဘရာဟမ်အနေနဲ့ အင်္ဂလန်ကို ပြန်သွားချင်တယ်ဆိုရင် သူတားမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားပေမယ့်လည်း ရိုးမားဘက်ကတော့ သူတို့အတွက် အကျိုးပြုနေတဲ့ ကစားသမားကို လွယ်လွယ်နဲ့ ရောင်းထုတ်မှာ မဟုတ်ကြောင်း တုံ့ပြန်ထားပြီး ရောင်းချမယ်ဆိုရင်တောင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမှ စဉ်းစားမယ်လို့ သတိပေးသွားခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ နူနက်ဇ်ကိုလည်း မခေါ်ယူနိုင်ခဲ့သလို အေဘရာဟမ်ကို ရရှိဖို့ကလည်း အတော်လေးကို ခဲယဉ်းရဖွယ် ရှိနေပါတယ်။

Exit mobile version