နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ဂျုဗင်တပ်အသင်းက စာချုပ် ဖျက်သိမ်းချင်လျက် ရှိနေတဲ့ ကွင်းလယ် ကစားသမား ခါဒီယာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အင်္ဂလန် အခြေစိုက် TheSun သတင်း နဲ့ အခြား သတင်းတွေ ဖော်ပြလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ Goal သတင်းကလည်း အသက် (၃၃) နှစ်အရွယ် ကွင်းလယ်လူ ခါဒီယာဟာ ဂျုဗင်တပ် နည်းပြ ပီယာလိုရဲ့ လက်ရှိရာသီ အစီအစဉ်မှာ မပါတော့ဘူးလို့ ဖော်ပြခဲ့တာ ဖြစ်ပြီး ဂျုဗင်တပ်အသင်းက သူ့ကို စာချုပ် ဖျက်သိမ်းဖို့အတွက် အလိုရှိနေတယ်လို့လည်း အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: TheSun

ကွင်းလယ် ကစားသမား ခါဒီယာဟာ ပြီးခဲ့တဲ့ ရာသီက ဒီဇင်ဘာလမှာ ဒူးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ဒူးဒဏ်ရာ ရရှိပြီး သိပ်မကြာခင်မှာ ကြွက်သားဒဏ်ရာကို ထပ်မံ ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ရာသီမှာ ဂျုဗင်တပ်အသင်းအတွက် စီးရီးအေ ပွဲစဉ် (၁၂) ပွဲ နဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၁၈) ပွဲပဲ ကစားနိုင်ခဲ့ပါတယ်။ ဂျုဗင်တပ်အသင်းဟာ အကြပ်အတည်း ကာလမှာ ငွေကြေး ကုန်ကျမှုကို လျှော့ချချင်လျက် ရှိပြီး ကွင်းလယ်လူ ခါဒီယာနဲ့ စာချုပ် ဖျက်သိမ်းမယ် ဆိုရင် လက်ရှိရာသီမှာ ပေါင် (၅.၅) သန်းဝန်းကျင် ချွေတာသွားနိုင်မှာ ဖြစ်တယ်လို့ အခြား သတင်းတွေကလည်း ထပ်လောင်း ဖော်ပြခဲ့ကြပါတယ်။

Photo Credit: TheSun

နည်းပြ ပီယာလိုရဲ့ ဂျုဗင်တပ်အသင်းဟာ ကွင်းလယ်လူ ခါဒီယာကို စာချုပ် ဖျက်သိမ်းဖို့အတွက် အစီအစဉ် ရှိခဲ့ပြီးသား ဖြစ်တာကြောင့် လက်ရှိရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကွင်းလယ်လူ အာသာကို အပြီးသတ် ခေါ်ယူခဲ့သလို၊ ကွင်းလယ်လူ မက်ကန်နာကိုလည်း အငှားနဲ့ ခေါ်ခဲ့ပါတယ်။ ကွင်းလယ်လူ ခါဒီယာဟာ ဂျုဗင်တပ်အသင်းမှာ (၅) နှစ်ကြာ ကစားလာပြီး ဖြစ်ပြီး အသင်းနဲ့ စာချုပ် (၁) နှစ်သာ ကျန်တော့တာ ဖြစ်ပေမယ့်လည်း စာချုပ်သစ် ထပ်တိုးဖို့ မဆွေးနွေးရသေးတာကြောင့် ဂျုဗင်တပ်အသင်းကနေ ထွက်သွားနိုင်ချေရှိတယ်လို့ သတင်းတွေ ကျယ်ပြန်စွာ ထွက်လာပါတယ်။ မန်ယူအသင်းဟာ အရင်က ကွင်းလယ်လူ ခါဒီယာကို ရီးရဲလ်အသင်းကနေ ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့် ရီးရဲလ်အသင်းက ပယ်ချခဲ့ပြီး ခါဒီယာကသာ ဂျုဗင်တပ်အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီး အသင်းလက်မဲ့ ဖြစ်လာမယ် ဆိုရင် မန်ယူအသင်းက အလွတ်နဲ့ ခေါ်ယူသွားနိုင်ချေ ရှိလာပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာ ကွင်းလယ်လူ ဗန်ဒီဘီကိုသာ ခေါ်ယူနိုင်သေးတာ ဖြစ်ပြီး လက်ရှိမှာတော့ ဆန်ချို၊ ဂါရတ်ဘေးလ်၊ ရယ်ဂီလွန် နဲ့ ခါဒီယာတို့ကို ခေါ်ယူချင်နေတယ်လို့ သတင်း ထွက်လျက် ရှိပါတယ်။